28 C
Yangon

ခင်ဦးမြို့နယ်၊ ရှေးဟောင်း ရွှေလင်းပင် ဘုန်းကြီးကျောင်းနှင့်စေတီကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အဘိုးနှင့်အဘွား ၂ ဦးသေဆုံးပြီး ဘုရားပုထိုးစေတီနှင့် ကျောင်းဆောင်များ ပျက်စီး

Must read

ရန်ကုန်၊ ဇွန် ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းဆီပုတ္တရာမြို့ဟောင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ဝေယျာဝေစ္စလုပ်ကိုင်နေသည့် သက်ကြီးရွယ်အို ၂ ဦး သေဆုံးပြီး ရှေးဟောင်းသာသနိကအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ခင်ဦးမြို့နယ်၊ ရှေးဟောင်းဆီပုတ္တရာမြို့ဟောင်းရှိ ရွှေလင်းပင်စံကျောင်းသို့ ရွှေဘိုလေ့ကျင့်ရေး ၈ မှ အသေခံဒရုန်း ၄ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ ဒရုန်းဗုံးများက ရွှေလင်းပင်စံကျောင်းရှိ ဆွမ်းစားကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေ့ဆွမ်းကပ်ပြီးနောက် သန့်ရှင်းရေးလုပ်ကိုင်နေသည့် အသက် ၇၀ နှစ်ခန့် အဘိုးတစ်ဦးနှင့် အသက် ၆၀ ကျော်ခန့် အဘွားတစ်ဦးတို့ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

စစ်တပ်၏ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရှေးဟောင်းစေတီပုထိုးများနှင့် ဘုန်းကြီးကျောင်းဆောင်များလည်း အပြင်းအထန် ပျက်စီးခဲ့ရသည်။

“တိုက်ပွဲမရှိ စစ်ကြောင်းမရှိဘဲ ခင်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်း ဆီပုတ္တရာမြို့ဟောင်းရှိ ရွှေလင်းပင် စံကျောင်းကို အကြမ်းဖက် စကမ ရွှေဘို လေ့ကျင့်ရေး ၈ မှ လွှတ်တင်တဲ့ ဒရုန်း ၄ စီးနဲ့ လေ ကြောင်း တိုက်ခိုက် ခံခဲ့ရတာပါ။ ဆွမ်းစားကျောင်းဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေ့ဆွမ်း ကပ်ပြီး ဆွမ်းစားကျောင်းဆောင် သန့်ရှင်းရေး ဝေယျာဝေစ္စ လုပ်ကိုင်နေသည့် အသက် ၇၀ နှစ်ခန့် အဘိုးတစ်ဦးနှင့် အသက် ၆၀ ကျော်ခန့် အဘွားတစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါတယ်”ဟု ခင်ဦးဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် ဒရုန်းအသုံးပြု တိုက်ခိုက်မှုများမှာ ဆက် တိုက်ဆိုသလို ဖြစ်ပွားနေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း အလားတူ အရပ်သားပြည်သူများ သေဆုံးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

မေလ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်ကလည်း ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာရှိ စစ်ရေးပစ်မှတ်မဟုတ် သော အရပ်သားပြည်သူများကို တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီး၊ ရွှေဘိုလေ့ကျင့်ရေး ၈ မှ ဒရုန်း ၂ စီးတို့ဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အသက် ၄၅ နှစ်နှင့် ၂၀ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၆၂ နှစ်နှင့် ၂၇ နှစ်အရွယ် အမျိုးသမီး ၂ ဦး စုစု ပေါင်း ပြည်သူ ၄ ဦး သေဆုံးခဲ့ရပြီး ပြည်သူ့နေအိမ် ၂၀ ကျော် ပြိုပျက်၊ မီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် မေလ ၂၀ ရက်နေ့ကလည်း အဆိုပါရွှေဘိုလေ့ကျင့်ရေး ၈ မှ ဒရုန်း ၂ စီးဖြင့် အရပ်သားများ၏ နေအိမ်နှင့် ဆိုင်ခန်းများကို ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံများ ဆုံးရှုံးခဲ့ရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article