28 C
Yangon

မောတောင်မြို့တွင် စစ်တပ်က အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးကို ဖမ်းဆီးနှိပ်စက်၊ ကိုနေလင်းဆိုသော ပြည်သူ ထွက်ပြေးလွတ်မြောက်

Must read

ရန်ကုန်၊ ဇွန် ၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦးမှာ ထွက်ပြေးလွတ် မြောက်လာကြောင်း ကေအဲန်ယူ-မြိတ်-ထားဝယ်ခရိုင် အထွေထွေအတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။

မေလ ၃၁ ရက်နေ့ မောတောင်မြို့၊ ထင်းရှုးကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၁ နှစ်အရွယ် ကိုနေလင်းကို စစ်ကောင်စီတပ်သားများက နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် တော်လှန်ရေးတပ်ဖွဲ့များအကြောင်းကို မေးမြန်းကာ ရိုက်နှက်နှိပ်စက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ခံသည့် နေအိမ်များကို လိုက်လံပြသခိုင်းခဲ့သည်။

၎င်းကို စစ်ဆေးမေးမြန်းစဉ်အတွင်း ငြင်းဆိုခဲ့သဖြင့် ထိုးကြိတ်ခြင်း၊ ခေါင်းကို ရိုက်နှက်ခြင်းနှင့် နံဘေးနံရိုးကို ဓားဖြင့်ထိုး၍ ညဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။

ကေအဲန်ယူ-မြိတ်-ထားဝယ်ခရိုင် အထွေထွေအတွင်းရေးမှူး ပဒိုစောအယ်နားက “သူ့ကို အိမ်မှာ ဝင်ဖမ်းသွားတာပါ။ တော်လှန်ရေးတပ်ဖွဲ့တွေ မင်းအိမ်လာသလားမေးတယ်။ မလာဘူးငြင်းတော့ ထိုးကြိတ်တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံတဲ့အိမ်တွေ လိုက်ပြခိုင်းတယ်။ သူ့ဘယ်ဘက် လက်မောင်းကို ဓားနဲ့ထိုးပြီး နှိပ်စက်တယ်။ ခေါင်းကို ရိုက်နှက်နှိပ်စက်တယ်။ သူ့ကို ပစ်သတ်ဖို့ လုပ်တဲ့ အရာရှိက အသက် ၄၀ ဝန်းလောက်လို့ သိရတယ်။ အသားမဲမဲ၊ မျက်နှာရှည်ရှည်၊ အရပ်ရှည်ရှည်လို့ သိရပါတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီတပ်မှ အရာရှိဖြစ်သူက ကိုနေလင်းကို သေနတ်ဖြင့် ပစ်သတ်ရန် လုပ်ဆောင်ခဲ့ပြီးနောက် “နောက်နေ့မှ သတ်မည်” ဟုဆိုကာ ကြိုးဖြင့် တုပ်နှောင်ထားစဉ် ဇွန်လ ၁ ရက် နံနက် ၅ နာရီခွဲခန့်တွင် ကြိုးဖြတ်၍ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ထွက်ပြေးလွတ်မြောက်လာပြီးနောက် မိသားစုဝင်များကိုပါ တစ်ပါတည်းခေါ်ဆောင်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်သည် မောတောင်မြို့တွင် နေထိုင်သည့် အခြားအမျိုး သား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးကာ ညဉ်းပန်းနှိပ်စက်ထားပြီး ၎င်းတို့၏ နောက်ဆက်တွဲအခြေ အနေကိုမူ လက်ရှိ အချိန်အထိ မသိရှိရသေးပေ။

စစ်တပ်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့အရပ်သားပြည်သူ လူထုကို ရက်ရက်စက်စက် ညဉ်းပန်းနှိပ်စက် သတ်ဖြတ်လျက်ရှိကြောင်း ကေအဲန်ယူ-မြိတ်-ထားဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article