28 C
Yangon

တောင်သာတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်၊ ဝဲလောင်တိုက်နယ်အတွင်းကိုလည်း စစ်ကြောင်းထိုးနေပြီး ပြည်သူတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ကျေးရွာများကို ဆက်တိုက်မီးရှို့နေ

Must read

ရန်ကုန်၊ ဇွန် ၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ အလောင်းဖျောက်ကာ ဝဲလောင်တိုက်နယ်အတွင်းကိုလည်း စစ်ကြောင်းထိုးနေပြီး ပြည်သူတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ကျေးရွာများကို ဆက်တိုက်မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဝဲလောင်တိုက်နယ် အတွင်းကို အင်အား ၈၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ်က စစ်ကြောင်းများခွဲပြီး ကျောက်ပန်းတောင်း-တောင်သာ မြို့နယ်အစပ်၊ ငါးသယောက်-တောင်သာ မြို့နယ်အစပ်၊ ဝဲလောင်-တောင်သာလမ်းပိုင်းနှင့် ဘုရားလှရွာဘက်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၁၂ နာရီခန့်တွင် နတ်စောင့်ရွာကို ရောက်ရှိလာသော စစ်ကြောင်းသည် ညောင်ဒိုရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် ရွာလမ်းဘေးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ လမ်းတောက်လျှောက်တွင်လည်း သေနတ်များ ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာ-ဝဲလောင်လမ်းပိုင်း ကိုင်းချောင်းတံတားအနီး လမ်းပိတ် စစ်ဆေးနေသော စစ်သားများက လမ်းသွားလမ်းလာ ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ထန်းကျင်းကျေးရွာ၊ ကျားမတွင်းရွာ၊ ထန်းပင်ခြံကျေးရွာ၊ ညောင်ကုန်းရွာ တို့ကို ဆက်တိုက်မီးရှို့နေပြီး ပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ လက်ရှိချိန်တွင် ကျေးရွာ ၁၀ ခုခန့်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ဝဲလောင်တိုက်နယ်ထဲကို စစ်ခွေးတွေက အင်အား အလုံးအရင်းနဲ့ကို စစ်ကြောင်းထိုးနေတာ မနေ့က မွန်းလွဲပိုင်းမှာ တောင်သာ-ဝဲလောင်လမ်းပိုင်းမှာရှိတဲ့ ကိုင်းချောင်းတံတားအနီးမှာ လမ်းပိတ် စစ်ဆေးနေတဲ့ စစ်ခွေးတွေက ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်သွားတယ်။ သေဆုံးသူတွေက ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူး။ ဒီနေ့လည်း စစ်ခွေးတွေ ကျေးရွာတွေကို ဆက်တိုက်မီးရှို့နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ဧပြီလပိုင်းကလည်း တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းရွာတောရိုး၊ သံချေးကုန်းရွာ၊ ရုံးစည်ကြီးရွာ၊ သံဘိုရွာနှင့် ခလဗျားရွာ တို့ကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article