28 C
Yangon

ငါန်းဇွန်မြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ၂ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ချောင်းဦးတွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေပြီး လမ်းပိုင်း အသုံးပြုခွင့်များ ယာယီပိတ်ထား

Must read

ရန်ကုန်၊ ဇွန် ၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ၂ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက် နှင့် ၂၉ ရက်နေ့တို့တွင် ငါန်းဇွန်မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးကို မြင်းခြံခရိုင် တပ်ရင်း ၁၁ မှ ရဲဘော်များက ၂ ရက်ဆက် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု ပြုလုပ်နေစဉ် အတွင်း ငါန်းဇွန်မြို့နယ် အတွင်းရှိ ငါန်းလွန့်ကျေးရွာ၊ သပြေကန်ကျေးရွာ၊ ဓာတ်တော်ရွာနှင့် ကုလရွာတို့များကိုလည်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်မှု အခြေအနေကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေး စစ်ကြောင်းက ရွာတွေကို ဒရုန်းဗုံးကျဲလို့ တန်ပြန်တိုက်ခိုက်တာပါ။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟုမြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

မြင်းခြံခရိုင် တပ်ရင်း ၁၁ မှ ရဲဘော်များသည် စစ်တပ် စစ်ကြောင်း တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်သည့် အနေဖြင့် မြို့ပေါ်စစ်တပ် တပ်စွဲထားသောနေရာများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကို ထပ်မံ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေပြီး လမ်းပိုင်း အသုံးပြုခွင့်များကို ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပကဖ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မေလ ၃၁ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ချောင်းဦးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ခင်မွန်-ကျီကုန်းလမ်း၊ ချောင်းဦး-မယ်သဲကြိုးလမ်းတို့ကို ည ၇ နာရီမှ နံနက် ၇ နာရီ အတွင်း အသုံးမပြုရန်နှင့် ချောင်းဦး-ပခုက္ကူလမ်းမကြီးကို ၂၄ နာရီလုံး လုံးဝ အသုံးမပြုရန် အသိပေး ပကဖ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

“စစ်ခွေးတွေ စစ်ကြောင်းထိုးနေတော့ ပြည်သူတွေလည်း အခုကတိမ်းရှောင်နေရတယ်။ မြေပြင်မှာလည်း စစ်ရေးတင်းမာနေတော့ လမ်းပိုင်းတွေကို ယာယီပိတ်ထားတဲ့ သဘောပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article