ရန်ကုန်၊ ဇွန် ၂
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂ဝ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာဘက်မှ ရေဝိုင်းကျေးရွာဘက်သို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ရန် စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ပါ စစ်ကြောင်းနှင့် ပခပ်အင်းကျေးရွာတွင် တော်လှန်ရေးတပ်များ ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ အရာရှိ ၁ ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၂၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကူစစ်ကြောင်းနှင့် ခေါင်တိုင်ပြင်ရွာတွင် ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ဒူရကစစ်ကြောင်း၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (T1)၊ DGRF (ထားဝယ်ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲအတွင်းမှာတော့ စစ်ခွေး ၂ ကောင်သေဆုံးပြီး နယ်မြေရှင်းလင်းရေးလုပ်တဲ့ အချိန်မှာ စစ်ခွေး ၁ လောင်း ထပ်မံသိမ်းဆည်းရရှိပါတယ်” ဟု ဒူရက စစ်ကြောင်းမှ တာဝန်ရှိသူကပြောဆိုသည်။
လက်ရှိ ကာလတွင် တိုက်ပွဲအရှိန်ပိုမိုမြှင့်တင်ရန် ဆောင်ရွက်လျှက်ရှိ၍ စစ်သား၊ ရဲများနှင့် ပျူစောထီးများ အနေဖြင့် နီးစပ်ရာအဖွဲ့များနှင့် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန်နှင့် ပြည်သူများအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်၊ စစ်တပ်က အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ရှိနေသောကြောင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပက်သက်သည့် သတင်းအချက် အလက်များကို လိုက်နာကျင့်ကြံ ကြပါရန် ဒူကရ စစ်ကြောင်းက တိုက်တွန်းထားသည်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းမှ အထူးကွန်မန်ဒိုရဲတပ်သား စိုးလွင်လွင် လက်နက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေါင်းညီနောင်ပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁ ရက်နေ့တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းမှ မကွေးတိုင်းအထူးကွန်မန်ဒိုရဲတပ်သား ကိုစိုးလွင်လွင် ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ထံ G-3 သေနတ် ၁ လက် ၊ G-3 ကျည် ၂၆၃ တောင့်၊ ကျည်ဘောက် ၂ ခု၊ စစ်ကျောပိုးအိတ် ၁ လုံး၊အီကွေးမန့် ၁ ထည်၊ လက်ထိပ်တစ်ခုတို့ ယူဆောင်လာပြီး အလင်း၀င်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်း၀င်ရောက်လာ၍ ရဲတပ်သား စိုးလွင်လွင်ကို ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ငွေကျပ် သိန်း ၄၀ ဆုချီးမြှင့်ခဲ့ကြောင်း၊ စိုးလွင်လွင်သည် ဇွန်လ ၁ရက်နေ့ နံနက်အစောပိုင်းတွင် အလင်း၀င်ရန် ချိတ်ဆက်လာ၍ လင်းဇင်းတိုက်နယ် ရဲစခန်း အနီးသို့ ချဉ်းကပ်သွားရောက် ခေါ်ဆောင်ခဲ့ရပြီး လက်ရှိအချိန်တွင် ကောင်းမွန်စွာထားရှိကာ တော်လှန်ရေးစိုးမိုးနယ်မြေ မွေးရပ်မြေကို ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ အရင် mission တုန်းက သိမ်းဆည်းရမိခဲ့တဲ့ ရဲတပ်သားနိုင်ဖြိုးဦး ဖုန်းကနေ လာရောက်ချိတ်ဆက် အလင်း၀င်လာတာပါ။ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ အနေနဲ့ နေ့စဉ်ပြည်သူလူထုအပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်လျှက်ရှိတဲ့ မင်းအောင်လှိုင်ရဲ့ တရားမ၀င် စစ်ခေါင်းဆောင် လက်အောက်မှ အမြန်ဆုံး ရုန်းထွက်ပြီး ပြည်သူရင်ခွင် အမြန်ဆုံး ၀င်ရောက်ခိုလှုံပြီး လာရောက် အလင်းကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဒေါင်းညီနောင်ပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
စစ်အာဏာရှင် လက်အောက်ခံ စစ်သား၊ ရဲတပ်သားနှင့် ပျူစောထီးများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ အလင်း၀င် လာရောက် ပူးပေါင်းကြရန် ဒေါင်းညီနောင်ပြောက်ကြားတပ်ဖွဲ့ က ဖိတ်ခေါ်ထားသည်။






