ရန်ကုန်၊ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းပိုင်းနှင့် ချောင်းဦးတို့တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် ယာဥ်တန်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၂၈ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) တပ်ဖွဲ့ထံမှ သိရသည်။
မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ကား ၂၂ စီးသည့် ချောင်းဦး ဘောလုံးကွင်းထဲမှ စစ်သား ၅၀ ခန့်တင်ဆောင်ပြီး ကား ၁၆ စီးဖြင့် မြင်းမူဘက်ကို ထွက်ခွာလာစဥ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ငါးယှန်ရွာအရှေ့ဘက်၌ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) တပ်ရင်း ၅နှင့် Farmer Revolution Force (FRA – Chaung Oo) တပ်ဖွဲ့မှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်၌ ချောင်းဦးမြို့မှ စစ်တပ် ယာဥ်တန်းအား လုံခြုံရေး ပေးရန် ထွက်ခွာလာသော အင်အား ၃၀ ပါ စစ်တပ် စစ်ကြောင်းကို ဂွေးပင်တော ကျေးရွာအနီး MRA စစ်ကိုင်းခရိုင် တပ်ရင်း ၅ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မုံရွာ-မန္တလေး လမ်းပိုင်း သရက်ခြံအတွင်းမှ စစ်တပ် ယာဥ်တန်းကို လုံခြုံရေးပေးရန် ကင်းပုန်းဝပ်နေသော စစ်သားများကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်နှင့် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ချောင်းဦးမှ ထွက်လာသည့် စစ်သား ၂၀ ကျော်ပါဝင်သည့် စစ်ကားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ကား ၁ စီး ထိမှန်ခဲ့ကြောင်းသိရသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ မြဝတီ-ဝေါလေ ကားလမ်း၊ သုံးထပ်ကွေ့အနီး တောင်ကြောပေါ်သို့ တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ညနေပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရခဲ့ပြီး တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သားများ ပြန်လည်ဆုတ်ခွာသွားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဓါတ်ပုံ – ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ