ရန်ကုန်၊ ဇွန် ၉
စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ပြီး မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား လုပ်ဆောင်ပေးနေသော ကုမ္ပဏီ ၁၃ ခုကို စင်ကာပူအစိုးရက ပယ်ဖျက် အရေးယူဆောင်ရွက်ရန် Justice For Myanmar -JFM က ယနေ့ တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်ထံ စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်များနှင့် နည်းပညာများ ထောက်ပံ့ပေးနေသည့် စင်ကာပူတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ၃၃ ခုကို Justice For Myanmar က ဖော်ထုတ်ခဲ့ပြီး ၄ နှစ်နီးပါးအကြာတွင် အဆိုပါကုမ္ပဏီများ၏ ၆၁ ရာခိုင်နှုန်း (ကုမ္ပဏီ ၂၀ ခု) မှာ စာရင်းမှ ပယ်ဖျက်ခံထားရသော် လည်း ကုမ္ပဏီ ၁၃ ခုမှာ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း စင်ကာပူ၏ နိုင်ငံအဆင့် စီးပွားရေးလုပ်ငန်းမှတ်ပုံတင်စာရင်းအရ သိရှိရသည်။
ယင်းသို့ ကုမ္ပဏီအချို့ စာရင်းမှ ပယ်ဖျက်ခံရခြင်းမှာ Justice For Myanmar ၏ ၂၀၂၂ ခုနှစ် DoMoreSingapore လှုပ်ရှားတောင်းဆိုမှုနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စား လှယ်၏ ၂၀၂၃ ခုနှစ် သုတေသနအစီရင် ခံစာ ထွက်ရှိလာပြီးနောက်ပိုင်း ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
စင်ကာပူကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံခဲ့ရသည့် ကုမ္ပဏီများတွင် အစ္စရေးနိုင်ငံမှ အမြန်တိုက်ခိုက်ရေးရေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူရေးတွင် ပါဝင်ပတ်သက်ခဲ့သည့် Star Sapphire Group ၏ လက်အောက်ခံကုမ္ပဏီ၊ ဂျာမန်ကုမ္ပဏီထုတ် ရွေ့လျားဆက်သွယ်ရေးစနစ်များကို စစ်တပ်၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးသို့ ရောင်းချထောက်ပံ့ပေးခဲ့သည့် Bright Sky Group Pte. Ltd နှင့် မြန်မာရေတပ်၏ ဖရီးဂိတ်စစ်ရေယာဉ် တည်ဆောက်ရေးစီမံကိန်းအတွက် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည့် Atland Services Pte Ltd နှင့် General Machinery Trading Pte. Ltd တို့ ပါဝင်သည်။
သို့သော်လည်း မြန်မာစစ်တပ်၏ နာမည်အဆိုးဆုံးသော လက်နက်ပွဲစားကွန်ရက်အချို့မှာ စင်ကာပူနိုင်ငံ၌ မှတ်ပုံတင်ထားဆဲဖြစ်သော ကုမ္ပဏီများ ရှိနေသေးကြောင်း သိရှိရသည်။
မြန်မာစစ်တပ်၏ လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့် ပိုင်ဆိုင်သော Dynasty Group of Companies (Dynasty International) က စင်ကာပူနိုင်ငံတွင် Dynasty Excellency Pte. Ltd အမည်ဖြင့် ကုမ္ပဏီ ဖွင့်လှစ် ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ပြီး ဒေါက်တာအောင်မိုးမြင့်မှာ ဘီလာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဖြစ်သည်။
အဆိုပါကုမ္ပဏီသည် ဘီလာရုစ်နိုင်ငံမှ မြန်မာစစ်တပ်အတွက် စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ကြားခံဝယ်ယူပေးခြင်းနှင့် စစ်အုပ်စု၏ ငွေပေးချေမှုများကို စီမံဆောင်ရွက်ပေးခြင်းများ လုပ် ဆောင်ခဲ့သဖြင့် အမေရိကန်၊ ယူကေ၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပို့ဆို့မှုများ ချမှတ်ထား သည်။
ထို့အတူ Myanmar Chemical & Machinery (MCM) Group မှာလည်း စင်ကာပူတွင် MCM Pacific Pte. Ltd အမည်ဖြင့် လက်အောက်ခံကုမ္ပဏီတစ်ခုရှိသည်။ MCM Group သည် လေတပ်အတွက် ရဟတ်ယာဉ်အစိတ် အပိုင်းများ၊ ကြည်းတပ်အတွက် သံချပ်ကာတပ်ဖွဲ့ဝင် သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် ရေတပ်အတွက် သင်္ဘောအစိတ်အပိုင်းများကို ထောက်ပံ့ပေးခဲ့သည်။
ယင်း Myanmar Chemical & Machinery (MCM) Group ကုမ္ပဏီကို လက်နက်ပွဲစား အောင် လှိုင်ဦးက ပိုင်ဆိုင်ပြီး သူ့ကို ယူကေ၊ အီးယူ၊ ကနေဒါနိုင်ငံတို့ကလည်းကောင်း၊ MCM ကုမ္ပဏီကို ယူကေနှင့် ကနေဒါနိုင်ငံတို့ကလည်းကောင်း အရေးယူ ဒဏ်ခတ်ပိတ်ဆို့ထားသည်။
KT Group နှင့် Ky-Tha Group ကုမ္ပဏီက စင်ကာပူတွင် Ky-Tha Trading Pte. Ltd အမည်ဖြင့် လက်အောက်ခံကုမ္ပဏီတစ်ခုရှိပြီး မြန်မာစစ်တပ်အတွက် ကမ်းရိုးတန်းစောင့်ကြည့်ရေးရေဒါစနစ်များ၊ လေတပ်အတွက် ATR နှင့် Fokker လေယာဉ်များကို ဝယ်ယူပေးရာတွင် ပါဝင်ပတ်သက်ခဲ့သည်။ အဆိုပါကုမ္ပဏီများကို ဂျော်နသန်ကျော်သောင်း နှင့်မိသားစုက ပိုင်ဆိုင်ထားသည်။
အလားတူပင် စင်ကာပူမှ Asia Trading Group Pte. Ltd မှာ Air Mandalay ၏ အမှုဆောင်အရာရှိချုပ်ဟောင်း စိုင်းခမ်းပါ့ခ်ဖက ရှယ်ယာ ၄၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ၎င်းနှင့် ဆက်စပ်မြန်မာကုမ္ပဏီဖြစ်သည့် Aero Sofi Co., Ltd. ၏ မြန်မာလေတပ်နှင့် ပြုလုပ်ခဲ့သည့် အရောင်းအဝယ်ကိစ္စရပ်များကို ကူညီပံ့ပိုးခဲ့သည်။ ထိုအထဲတွင် ဇိမ်ခံပုံစံဖြင့် ပြန်လည်ပြုပြင်မွမ်းမံရန် အဆိုပြုခဲ့သော Airbus လေယာဉ်တစ်စင်းစီမံကိန်းကို JFM နှင့် OCCRP တို့က ဖော်ထုတ်ခဲ့ပြီးနောက် ပြန်လည်ဖျက်သိမ်းခဲ့ရသည်။
Amnesty International ၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ စစ်အုပ်စုနှင့် လေယာဉ်ဆီ တင်သွင်းခြင်းလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် စင်ကာပူကုမ္ပဏီ အနည်းဆုံးတစ်ခုသည် လုပ်ငန်းလည်ပတ်နေသေးကြောင်း တွေ့ရှိရသည်။
PEIA Pte. Ltd. သည် Shoon Group (ယခင် Asia Sun Group) ၏ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး စင်ကာပူတွင် မှတ်ပုံတင်ထားဆဲ ဖြစ်သည်။ PEIA သည် စစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) နှင့် ပူးပေါင်းကာ NEPAS ဖက်စပ်ကုမ္ပဏီကို လည်ပတ်လုပ်ကိုင်ခဲ့သည်။ အခြားစင်ကာပူဆက်စပ်ကုမ္ပဏီတစ်ခုဖြစ်သော Shoon Energy Pte. Ltd မှာမူ မကြာသေးမီက စင်ကာပူကုမ္ပဏီမှတ်တမ်းမှ ပယ်ဖျက်ပြီးဖြစ်ကာ ၎င်းနှင့် Shoon Group ၏ ခေါင်းဆောင်များကို အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။
စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ၎င်း၏ အကြမ်းဖက်စစ်ဆင်ရေးကို ပိုမိုချဲ့ထွင်လုပ်ဆောင်ခဲ့ပြီး စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးသည့် နိုင်ငံလုံးအနှံ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။
ကုလသမဂ္ဂ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီး ကလေးသူငယ်များအပါအဝင် အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် စစ်အုပ်စု၏ အတု အယောင်ရွေးကောက်ပွဲကာလဖြစ်သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ နှစ်လတာကာလအတွင်း အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၉၉ ကြိမ်ထိ ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်အုပ်စု၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ ဝတ်မှုများအဖြစ် သတ်မှတ်နိုင်ပြီး ယင်းသို့ ဆက်လက်ကျူးလွန်နိုင်ခြင်းမှာ စစ်လက်နက်များနှင့် လေယာဉ်ဆီများကို ဆက်လက်ရရှိနေခြင်းကြောင့် ဖြစ်သည်။
Justice For Myanmar အနေဖြင့် ဖော်ထုတ်ထားသော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ချက် ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် စင်ကာပူအစိုရကို တောင်းဆိုထားသည်။
ထို့အပြင် စင်ကာပူဘဏ်များအနေဖြင့်လည်း စစ်အုပ်စုအတွက် စစ်လက်နက်နှင့် လေယာဉ်ဆီများ ဝယ်ယူပေးနေသည့် ကုမ္ပဏီများအား ဘဏ်ဝန်ဆောင်မှုပေးခြင်းကို ရပ်တန့်ရန်နှင့် တင်ကြိုစိစစ်မှုများကို တင်းကျပ်စွာ ဆောင်ရွက်ရန် ဆက်လက်တောင်းဆိုထားသည်။
၂၀၂७ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည့် စင်ကာပူနိုင်ငံအနေဖြင့် စစ်အုပ်စုထံ စစ်လက်နက်များနှင့် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်များ စီးဆင်းမှုကို တားဆီးမည်ဟူသော ကတိကဝတ်ကို လေးစားလိုက်နာပြီး လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီနေသည့် စင်ကာပူကုမ္ပဏီများကို ဖော်ထုတ်ခဲ့တာ ၄ နှစ်နီးပါးရှိလာခဲ့သော်လည်း အရေးယူမခံရဘဲ ဆက်လက်လည်ပတ်နေခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း၊ စင်ကာပူအခြေစိုက် စီးပွားရေးလုပ်ငန်းများ ပါဝင်ပတ်သက်နေခြင်းသည် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် စင်ကာပူ၏ ကတိကဝတ်ကို တိုက်ရိုက်ထိခိုက်စေကြောင်းနှင့် နိုင်ငံတကာတာဝန်ဝတ္တရားများကို လေးစားလိုက်နာကာ ခိုင်မာလက်တွေ့ကျသည့် ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ရမည့်အချိန်ဖြစ်ကြောင်း ပြောကြားသည်။







