26.8 C
Yangon

ပဲခူးတိုင်း၊ ရေတွင်းကုန်းကျေးရွာတွင် စစ်တပ်က ပြည်သူ ၂၈ ဦးကို သတ်ဖြတ်မှု စစ်ရာဇဝတ်မှုမြောက်ကြောင်း Fortify Rights က မြေပြင်ကွင်းဆင်းအတည်ပြုလိုက်ပြီး နိုင်ငံတကာက မြန်မာစစ်တပ်ကို အရေးယူရန် အရေးပေါ် တိုက်တွန်း

Must read

ရန်ကုန်၊ ဇွန် ၉

ပဲခူးတိုင်း၊ ရေတွင်းကုန်းကျေးရွာတွင် စစ်တပ်က ပြည်သူ ၂၈ ဦးကို အစုလိုက်အ​ြုလိုက် သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း Fortify Rights က မြေပြင်ကွင်းဆင်းအတည်ပြုပြီး နိုင်ငံတကာအနေဖြင့် အရေးပေါ် အရေးယူရန် ယနေ့ တိုက်တွန်းလိုက်သည်။

အဆိုပါဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေသော ဘုန်းကြီး ကျောင်းကို လေကြောင်းမှ ဗုံးကြဲခြင်း၊ အရပ်သားများကို မြေပြင်တွင် ပစ်ခတ်ခြင်းနှင့် အသက်ရှင်လွတ်မြောက်လာသူများကို မတရားဖမ်းဆီးခြင်းတို့ ပြုလုပ်ခဲ့ပြီး၊ ယင်းလုပ်ရပ်များသည် စစ်ရာဇဝတ်မှုမြောက်ကြောင်း Fortify Rights က ထောက်ပြထားသည်။

စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သား ၂၈ ဦး သေဆုံးခဲ့ရသည်။

Fortify Rights အနေဖြင့် မြေပြင်စုံစမ်းစစ်ဆေးချက်များနှင့် ဖြစ်စဉ်အသေးစိတ်ကို အတည်ပြုရန် ၂၀၂၆ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ကာ အသက်ရှင်လွတ်မြောက်လာသူများ၊ မျက်မြင်သက်သေများ၊ တော်လှန်ရေးအင်အားစုများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အပါအဝင် စုစုပေါင်း ၁၃ ဦးကို လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခဲ့သည်။

ထို့ပြင် သေဆုံးသူများ၏ ဓာတ်ပုံများနှင့် စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းမှု ခရီးစဉ်များကို ဒေသခံပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) ၏ ပံ့ပိုးပေးမှုဖြင့် ဒရုန်းဗီဒီယိုမှတ်တမ်းများကိုပါ စိစစ်အတည်ပြုခဲ့သည်။

စုံစမ်းစစ်ဆေးချက်များအရ ယခုနှစ် မတ်လ ၅ ရက် နံနက်အစောပိုင်းတွင် စစ်အုပ်စု၏ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၂၀၊ ခြေလျင်တပ်ရင်း ၂၆၄ နှင့် ခြေမြန်တပ်ရင်း ၄၃၉ စစ်ကြောင်းများသည် ပဲခူးတိုင်း၊ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဝင်ရောက်စီးနင်းကာ သတ်ဖြတ်မှုနှင့် မတရားဖမ်းဆီးမှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ဇနီးနှင့် ၁၄ နှစ်အရွယ် သားဖြစ်သူတို့ ဆုံးရှုံးခဲ့ရသည့် အသက် ၄၃ နှစ်အရွယ် အသက်ရှင်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက စစ်သားများသည် ကျောင်းကုန်းရွာ၌ ရွာသားများကို လက်နောက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားစဉ် ခြိမ်းခြောက်စစ်ဆေးခဲ့ကြောင်း ရှင်းပြသည်။

“မနက် ၅ နာရီလောက်မှာ နိုးလာပြီး မြေပဲနှုတ်ဖို့ ဆိုင်ကယ်နဲ့ ထွက်ခဲ့တာ။ လမ်းကအထွက်မှာပဲ စစ်တပ်က ဖမ်းလိုက်တာ။ သူတို့က တခြားလူတွေကိုလည်း ဖမ်းထားပြီးသား၊ ကျွန်တော် ဖမ်းခံရတာ မနက် ၅ နာရီခွဲလောက်မှာပါ။ သူတို့က ကျွန်တော်တို့လက်တွေကို ကြိုးအရှည်ကြီးနဲ့ တွဲတုပ်ထားပြီး ‘မင်းတို့ PDF တွေမလား’ လို့ မေးတယ်။ ကျွန်တော်တို့က PDF မဟုတ်ကြောင်း ပြန်ရှင်းပြပေမဲ့ သူတို့က ‘မလိမ်နဲ့၊ မင်းတို့ ဝှေးစေ့တွေကို ဖြတ်ပစ်မယ်’ ဆိုပြီး ခြိမ်းခြောက်စွပ်စွဲခဲ့တယ်” ဟု သူက ရှင်းပြသည်။

ထို့ပြင် စစ်အုပ်စုက စစ်ဆင်ရေးလုပ်ဆောင်နေစဉ်အတွင်း အိမ်နီးနားချင်းတစ်အိမ်၌ အဖြူရောင်အမှုန့်တစ်မျိုးကို ရှူသွင်းကာ မူးယစ်ရီဝေနေကြသည်ကို မြင်တွေ့ခဲ့ရကြောင်း အဆိုပါမျက်မြင်သက်သေက ဆိုသည်။

စစ်တပ်၏ ဖမ်းဆီးမှုခံထားရသော အဆိုပါ မျက်မြင်သက်သေမှာ လက်နောက်ပြန်ကြိုးတုပ်ခံရပြီး မြေပြင်ပေါ် မှောက်ခုံလှဲနေရစဉ် စစ်သားများက ရွာရှိဘုန်းကြီးကျောင်းကို ဗုံးကြဲရန် စကားပြောစက် (Walkie-talkie) ဖြင့် အမိန့်ပေးနေသည်ကို ကြားရသည်ဟု ရှင်းပြသည်။

“စကားပြောစက်ထဲကနေ သူတို့တပ်မှူးကို ‘ဘုန်းကြီးကျောင်းထဲမှာ PDF တွေရှိတယ်’ လို့ လှမ်းပြောကြတာ။… ဝေါကီတော်ကီထဲကနေ ‘ဘုန်းကြီးကျောင်းထဲမှာ၊ ဘုန်းကြီးကျောင်းကို တိုက်၊ ဗုံးကြဲချပစ်’ လို့ ပြောနေတာတွေကို ကျွန်တော် မှတ်မိနေတယ်။ စကားပြောစက်နဲ့ ပြောနေတဲ့ စစ်သားတွေနဲ့ ကျွန်တော်က သုံးလေးမီတာလောက်ပဲ ဝေးတာ။ လက်နောက်ပြန်ကြိုးတုပ်ခံရပြီး မှောက်ခုံလှဲနေရပေမဲ့ သူတို့ပြောတာ အကုန်လုံးကို အတိုင်းသား ကြားနေရတယ်” ထို့နောက် စစ်သားတစ်ဦးက “ကလေးတစ်ယောက်ကို ပစ်သတ်လိုက်ပြီ” ဟု သူက ဆက်လက်ပြောဆိုသည်။

စစ်တပ်၏ ပစ်သတ်ခံရသည့်ကလေးမှာ ၎င်း၏ အသက် ၁၄ နှစ်အရွယ် သားဖြစ်သူဖြစ်နေကာ ကြောက်လန့်ပြီး ထွက်ပြေးစဉ် သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်း ဖြစ်သည်။

သူ လွတ်မြောက်လာပြီးနောက် ဘုန်းကြီးကျောင်းသို့ သွားရောက်ကြည့်ရှုရာတွင် ကျောင်းထောင့်၌ ဇနီးဖြစ်သူ၏ ရုပ်အလောင်းနှင့် ခေါင်းလောင်းကြီးဘေး၌ သားဖြစ်သူ၏ ရုပ်အလောင်းတို့ကို ရင်နင့်ဖွယ် တွေ့ရှိခဲ့ရသည်။

မတ်လ ၅ ရက် နံနက်ပိုင်းက ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့သွားစဉ် ဖမ်းဆီးခံခဲ့ရသည့် အသက် ၄၃ နှစ်အရွယ် အခြားဒေသခံအမျိုးသမီးတစ်ဦးကလည်း စစ်သားများသည် ဖမ်းဆီးထားသည့် အမျိုးသားများကို ဝါးလုံးများဖြင့် ရက်ရက်စက်စက် ရိုက်နှက်စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့ရပြီး၊ ဘုန်းကြီးကျောင်းကို ဗုံးကြဲရန် အမိန့်ပေးသံကို ကြားခဲ့ရပုံကို ပြန်ပြောင်းပြောပြသည်။

“ကျွန်မက စစ်သားတွေနဲ့ မလှမ်းမကမ်းမှာ ထိုင်နေရတာ။ သူတို့ စကားပြောစက်နဲ့ ပြောနေတုန်း စစ်သားတစ်ယောက်က ဝေါကီတော်ကီထဲကနေ ‘ဘုန်းကြီးကျောင်းကို တိုက်ခိုက်’ ဖို့ လှမ်းပြောတာ ကြားလိုက်ရတယ်။ အဲဒီလိုပြောပြီး (၁၀) မိနစ်လောက်အကြာမှာပဲ ဗုံးကြဲချတဲ့အသံ ကြားရတော့တာပဲ။ အသံကြီးက ကျယ်လွန်းလို့ ကျွန်မတို့အားလုံး ငြိမ်ပြီး အသက်တောင် မရှူရဲကြဘူး။ ဗုံးတစ်လုံး ကျကွဲတဲ့အသံ ကြားလိုက်ရပြီးတဲ့နောက် ကျွန်မလည်း အရမ်းကြောက်သွားပြီး တခြားဘယ်အသံကိုမှ မကြားမိတော့ဘူး” ဟု သူမက ဆိုသည်။

စစ်အုပ်စုက ရွာသားများကို ထွက်ပြေးပါက ရွာကိုမီးရှို့ပြီး အားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ဗုံးခိုကျင်းများထဲတွင် ပုန်းအိပ်ခဲ့ကြရကြောင်း၊ ထိုတိုက်ခိုက်မှုများသည် ဒေသခံပြည်သူများက တော်လှန်ရေးရဲဘော်များကို ထောက်ပံ့နေသည်ဟု စစ်တပ်က ယူဆထားသောကြောင့် ဖြစ်နိုင်ကြောင်း သူမက ဆက်လက်ထွက် ဆိုသည်။

စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းကို စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုများရှိခဲ့သည်။

စစ်တပ်၏ တိုက်ခိုက်မှုအပြီး ဒဏ်ရာရသူများကို ကူညီရန် ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့သည့် အခြားရွာသားတစ်ဦးက ကျောင်းတစ်ခုလုံး လုံးဝပျက်စီးသွားပြီး ပထမထပ်မှာ အကုန်ပြိုကျသွားကြောင်း၊ ကျောင်းဝင်းအတွင်း၌ ကလေးမွေးခါနီး ဗိုက်ထဲက ကလေးလက်လေး ထွက်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောပြသည်။

ထို့ပြင် မတ်လ ၆ ရက်နေ့တွင် သေဆုံးသူများကို သင်္ဂြိုဟ်ရန် စစ်အုပ်စုက ၂ နာရီသာ အချိန်ပေးသဖြင့် ကျင်းကြီးနှစ်ကျင်းတူးကာ အလောင်းများကို စုပေါင်းမြှုပ်နှံခဲ့ရသည်ဟု သိရှိရသည်။

“စစ်သားတွေက ကျွန်တော်တို့ကို ကျင်းတူးဖို့ နှစ်နာရီပဲ အချိန်ပေးလို့ [ဘုန်းကြီးကျောင်းထဲကနေ] ရုပ်အလောင်းတွေကို အမြန်သယ်ခဲ့ကြရတာ။ ကျွန်တော်ကတော့ အလောင်းတွေကို ပုခုံးပေါ်ထမ်းပြီး မြေမြှုပ်ကျင်းထဲအထိ သယ်သွားပေးခဲ့တယ်။ သူတို့က [အမျိုးသားတွေကို] အတန်းလိုက် စီထားပြီး၊ ကလေးတွေကိုတော့ အမျိုးသမီးတွေရဲ့ ခြေထောက်ပေါ်မှာ တင်ထားပေးတာ။ အဲဒီလိုနဲ့ပဲ အကုန်လုံးကို စုပြီး မြှုပ်ခဲ့ကြရတာ” ဟု မျက်မြင်သက်သေက ရှင်းပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်အရ မတ်လ ၇ ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ဖွဲ့များသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းကာ အန္တရာယ်များလှသည့် ကြားထဲမှ ဖမ်းဆီးခံထားရသည့် အရပ်သားများကို ရွာတွင်းသို့ ဝင်ရောက်တိုက်ခိုက်၍ ဘေးလွတ်ရာသို့ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။

Fortify Rights ၏ ဒါရိုက်တာ John Quinley က “ပဲခူးတိုင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ တော်လှန် ရေးအင်အားစုတွေကို ထောက်ခံတယ်လို့ ယူဆရတဲ့ ဒေသတွေမှာရှိတဲ့ အရပ်သားပြည်သူတွေကို အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ စဉ်ဆက်မပြတ်ကျင့်သုံးနေတဲ့ မဟာဗျူဟာကို ထင်ထင်ရှားရှား ပြသလိုက်တာပဲဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ စစ်အုပ်စုက အရပ်သားနဲ့ စစ်သားခွဲခြားမှုပြုလုပ်ခြင်း မရှိခဲ့တာတွေအပြင် အရပ်သားများကို အကာအကွယ်ပေးဖို့ လုပ်ဆောင်သင့်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဘာမှလုပ်ဆောင်ခဲ့ခြင်းမရှိတာကို တွေ့ရှိခဲ့ပါတယ်။ အရပ်သားပြည်သူတွေ ခိုလှုံနေကြတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်တာက စစ်ရေးပစ်မှတ်အရ ကျူးလွန်တာလို့ ဘယ်လိုမှ သတ်မှတ်လို့မရပါဘူး။ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခဲ့တာတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး ဒီလုပ်ရပ်တွေဟာ နိုင်ငံတကာက အရေးယူ တတာဝန်ခံမှုရှိလာရေး ဘယ်လောက်အထိ အရေးတကြီး လိုအပ်နေပြီလဲဆိုတာကို ပိုမိုထင်ရှားစေပါတယ်” ဟုဆိုသည်။

၎င်းက ဆက်လက်၍ “စစ်ဥပဒေတွေဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းကနေ အကာအကွယ်ပေးထားတာဖြစ်ပါတယ်” ဟု ဆိုကာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုကို အဆုံးသတ်ရန် ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအိမ်နီးချင်းနိုင်ငံများအနေဖြင့် ယခုထက်ပိုမို ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

Fortify Rights အဖွဲ့က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းချက်များကို ပယ်ချရန်၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်းများအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ရိက္ခာနှင့် အထောက်အပံ့များ တိုးမြှင့်ပေးအပ်ရန် အရေး တကြီး တိုက်တွန်းနှိုးဆော်ထားသည်။

လက်ရှိတွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ရေတွင်းကုန်းကျေးရွာအုပ်စုအပါအဝင် ပိတောက်ကုန်း၊ အုတ်မြေတူး၊ ဆီဆိုင်၊ အေးရွာလေး၊ ကျွန်းကုန်း၊ ရေတာရှည်လေး၊ ရေငံ၊ အင်းကြီးပေါက်၊ ခင်တန်းရွာသစ်၊ ကံလှ၊ ဂွေးသဲ၊ တောင်အင်းကုန်း၊ ကြာအင်းကုန်းနှင့် ကြိတ်ပုတီးရွာစသည့် ကျေးရွာများမှ ဒေသခံပြည်သူအားလုံးသည် စစ်ဘေးလွတ်ရာ နေရာအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article