ရန်ကုန်၊ ဇွန် ၉
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဇိမ်ခံအိမ်ရာဝင်းတစ်ခုနှင့် တာ့ခ်ခရိုင် မဲဆောက်မြို့တို့တွင် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်နေသည့် အွန်လိုင်းငွေလိမ်လည်မှု (Scam) ဂိုဏ်းနှင့် ဆိုင်ကယ်ခိုးယူမှု ကွင်းဆက်ဂိုဏ်းကြီးများကို ထိုင်းအာဏာပိုင်များက ဇွန်လ ဒုတိယပတ်အတွင်း ဆက်တိုက်ဝင်ရောက်စီးနင်းကာ အမြစ်ပြတ်နှိမ်နင်းလျက်ရှိကြောင်း သိရသည်။
ဇွန်လ ၈ ရက်နေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရဖီ (Saraphi) မြို့နယ်ရှိ ဇိမ်ခံအိမ်ရာဝင်းတစ်ခုအတွင်း နေအိမ်နှစ်လုံးကို တစ်လလျှင် ဘတ် ၇ သောင်းနှင့် ဘတ် ၁ သိန်းစီဖြင့် ငှားရမ်းကာ အွန်လိုင်းငွေလိမ်လည်မှုများ လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။
အဆိုပါစီးနင်းမှုအတွင်း ရဲတပ်ဖွဲ့က ကွန်ပျူတာ ၁၀ လုံး၊ လက်ကိုင်ဖုန်း ၄၅ လုံးကျော်နှင့်အတူ တရုတ်နိုင်ငံသား သောင်းနှင့်ချီသည့် အချက်အလက် (Database) များကို သိမ်းဆည်းရမိခဲ့ပြီး ဂိုဏ်းချုပ်ဖြစ်သူမှာမူ တရုတ်နိုင်ငံအတွင်း ရှိနေကြောင်း သိရသည်။
အဖမ်းခံရသူများအနက် အိမ်အမှတ် ၁၅၁/၁၄ မှ တရုတ်နိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ကျန်အိမ်အမှတ် ၁၅၁/၇၄ အတွင်းမှ တရုတ်နိုင်ငံသားတစ်ဦးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယင်းဂိုဏ်းသည် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေသည်မှာ ၂ လမှ ၃ လခန့် ရှိပြီဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးလျှင် တစ်လလစာ ဘတ် ၅ သောင်းစီကို ခရစ်ပတိုငွေကြေး (Cryptocurrency) ဖြင့် ပေးချေကာ စနစ်တကျ လည်ပတ်နေခြင်း ဖြစ်သည်။
အဆိုပါ ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတွင်ရှိသော တရုတ်လူမျိုးများကို ပစ်မှတ်ထား၍ အာမခံလုပ်ငန်းများ လိမ်လည်ရောင်းချခြင်းနှင့် ငွေလဲလှယ်သည့်ကိစ္စရပ်များတွင် ဖုန်းဖြင့် ဆက်သွယ်လိမ်လည်နေကြခြင်း ဖြစ်သည်။
လတ်တလောတွင် ဖမ်းဆီးရမိသည့် မြန်မာနှင့် တရုတ်နိုင်ငံသားအားလုံးကို လိမ်လည်မှု၊ လျှို့ဝှက်ကြံစည်မှုများဖြင့် အမှုဖွင့်ထားပြီး တရုတ်ကောင်စစ်ဝန်ရုံးနှင့်ပါ ချိတ်ဆက်ကာ ကွင်းဆက်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
အလားတူ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်လည်း မြန်မာနိုင်ငံသား ၃၀ ကျော် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသော ဆိုင်ကယ်ခိုးဂိုဏ်းကြီးတစ်ခုကို အာဏာပိုင်များက ဖော်ထုတ်ခဲ့သည်။
ကျူးလွန်သူများသည် ခိုးယူရရှိလာသော ဆိုင်ကယ်များကို အစိတ်အပိုင်းများ ပြန်လည်ဖြုတ်တပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းများ လုပ်ဆောင်၍ အပိုပစ္စည်းအဖြစ် ဈေးကွက်အတွင်း ပြန်လည်ရောင်းချသည့်အထိ ချဲ့ထွင်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
ဇွန်လ ၉ ရက်နေ့တွင် မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှူးက ဦးစီး၍ အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ပူးပေါင်းဖွဲ့စည်းကာ တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့သည်။
ယင်းလှုပ်ရှားမှုသည် ဇွန်လ ၆ ရက်နေ့က မဲကူးနယ်မြေအတွင်းရှိ အငှားနေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့သော ဆိုင်ကယ်ခိုးမှုနှင့် ဆက်စပ်၍ ဒေသခံရပ်ရွာခေါင်းဆောင်များနှင့် အုပ်ချုပ်ရေးကွန်ရက်များ၏ သတင်းပေးပို့ချက်များအရ စုံစမ်းထောက်လှမ်းခဲ့ခြင်း ဖြစ်သည်။
ထိုင်းအာဏာပိုင်များက မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးနေထိုင်ရာ ရပ်ကွက်တစ်ခုအတွင်းရှိ သိုလှောင်ရုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ ခိုးယူခံထားရသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ အခြားဆိုင်ကယ်ကိုယ်ထည်အပိုင်းအစများကိုပါ ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး အသက် ၁၉ နှစ်အရွယ်နှင့် အသက် ၁၆ နှစ်အရွယ်ရှိ မြန်မာလူငယ် ၂ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသော လူငယ်နှစ်ဦးကို ဆိုင်ကယ်ခိုးမှုဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အရေး ယူထားပြီး၊ ယင်းဂိုဏ်းတွင် အဖွဲ့ဝင် ၂၀ မှ ၃၀ အထိ ရှိနိုင်သည်ဟု ယူဆထားသောကြောင့် ကျန်ရှိနေသေးသည့် တရားခံများကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ထိုင်းအာဏာပိုင်များကမူ မဲဆောက်မြို့နှင့် ပတ်ဝန်းကျင်ရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင် ဆိုင်ကယ်များကို ပစ်မှတ်ထားခိုးယူနေသူများကို အမြစ်ပြတ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း Khaosod သတင်းတွင် ဖော်ပြထားသည်။






