ရန်ကုန်၊ ဇွန် ၉
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံ နှစ်ရုံတွင် အလုပ်သမားအခွင့်အရေးများ ပိတ်ပင်ချိုးဖောက်ခံရခြင်း အချိန်ပို (OT) အဓမ္မဆင်းခိုင်းခြင်းနှင့် ခြိမ်းခြောက်အော်ဟစ်ဆဲဆိုခြင်းများ ကြုံတွေ့နေရသဖြင့် အလုပ်သမားများက မကျေမနပ်ဖြစ်ကာ ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားနေကြောင်း လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများထံမှ သိရှိရသည်။
ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ အမှတ် ၁၄၀ ရှိ အလုပ်သမားဦးရေ ၁,၀၀၀ ကျော်ဖြင့် လည်ပတ်နေသော U&G (Myanmar) Fashion Co., Ltd (GTIG-1) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများအား တစ်ရက်ခြား တစ်ခါ ညနေ ၆ နာရီမှ ညဉ့်နက်ပိုင်း ၁၁ နာရီ ၃၀ မိနစ်အထိ အချိန်ပို (OT) များကို အတင်းအဓမ္မ ဖိအားပေးခေါ်ယူနေသည်မှာ တစ်လကျော်ခန့် ရှိနေပြီ ဖြစ်သည်။
အချိန်ပိုမဆင်းလိုသည့် အလုပ်သမားများကိုလည်း “အလုပ်ထုတ်ပစ်မည်” ဟု ဥပဒေမဲ့ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းအပြင် စက်ရုံအတွင်းရှိ နိုင်ငံခြားသား ဝန်ထမ်းများနှင့် တရုတ်နိုင်ငံသား မန်နေဂျာကိုယ်တိုင် လုပ်ငန်းခွင်အထိ ဝင်ရောက်၍ ဖိအားပေးခိုင်းစေခြင်း၊ နေ့စားအလုပ်သမားများ စိတ်တိုင်းမကျပါက လုပ်ငန်းခွင်ဝင်သည့် ၁ ရက်တည်းဖြင့် အလုပ်မှ ချက်ချင်းထုတ်ပစ်ခြင်းများ ပြုလုပ်နေကြောင်း အလုပ်သမားများက ဆိုသည်။
“အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေ ပိတ်ပင်တာ၊ အလုပ်သမားတွေ ဥပဒေအရ ရရှိခံစားသင့်တဲ့ အခြေခံရပိုင်ခွင့်နဲ့ အခွင့်အရေး အတော်များများကို စက်ရုံဘက်က ပိတ်ပင်တားဆီးတာတွေ လုပ်ဆောင်နေပါတယ်။ မနေ့ကလည်း ည ၁၁ နာရီခွဲအထိ စက်ရုံ လိုင်း (Line)၊ ပါကင် (Packing) နဲ့ မီးပူတိုက် (Ironing) ဌာနတွေက အလုပ်သမားဦးရေ ၃၀ လောက်ကို အချိန်ပို ဆက်လက် ဆင်းခိုင်းပါတယ်”ဟု အလုပ်သမားတစ်ဦးက ရှင်းပြသည်။
အဆိုပါစက်ရုံသည် ပိုလန်နိုင်ငံအခြေစိုက် နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်သော RESERVED Brand အဝတ် အထည်များကို ချုပ်လုပ်နေခြင်း ဖြစ်သည်။
အလားတူ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖရားလမ်း၊ အမှတ် ၁၅၉ ရှိ အလုပ်သမား ၂၀၀ ကျော်ရှိသော LIDA Myanmar Co., Ltd. အထည်ချုပ်စက်ရုံတွင်လည်း မေလ ၃၀ ရက်နေ့က အလုပ်သမားများကို စနေနေ့ည တစ်ညလုံး (အောလင်း) အလုပ်စေခိုင်းသည့်ကိစ္စနှင့် ပတ်သက်၍ အခြေအတင် စကားများရာမှစတင်ကာ အလုပ်သမားများ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရှိရသည်။
အလုပ်သမားများက အလုပ်မဆင်းနိုင်ကြောင်း တောင်းဆိုခဲ့ရာ Production Manager နှင့် အောစူပါ (မန်နေဂျာနှင့် ကြီးကြပ်သူ) တို့က အလုပ်သမားများအပေါ် အော်ဟစ်ဆဲဆို ခြိမ်းခြောက်ခဲ့ကြခြင်း ဖြစ်သည်။
“ မေလ ၃၀ ရက်နေ့က OT ခေါ်တယ်၊ အလုပ်သမားတွေက မဆင်းလို့ ဆဲတယ်။ ခြိမ်းခြောက်တယ်။ အဲဒါကြောင့် အောစူပါကို အလုပ်ထုတ်ပေးဖို့ ဆန္ဒပြနေကြတာပါ။ သက်ဆိုင်ရာ အဖွဲ့တွေက ဖြေရှင်းပေးပေမယ့် ဒီနေ့အထိ မပြေလည်သေးဘူး။ အလုပ်ရှင်က အောစူပါကိုတော့ အလုပ်မထုတ်နိုင်ဘူး၊ အလုပ်သမားတွေကို အလုပ် ထုတ်မယ်လို့ ပြောပါတယ်။ အလုပ်ထုတ်ရင် နစ်နာကြေးပေးရမှာကို တိုင်းဦးစီးမှူးတွေက နစ်နာကြေးပေးဖို့မလိုဘူးလို့ ပြောနေလို့ ဆက်ညှိနေကြတာ အဆင်မပြေသေးဘူး။ ဒီနေ့နေ့လည် ၂ နာရီတော့ တိုင်းရုံးမှာ ထပ်ချိန်းထားတယ်”ဟု အလုပ်သမားတစ်ဦးကရှင်းပြသည်။
ဆန္ဒပြမှုများဖြစ်နေသော အဆိုပါ LIDA Myanmar စက်ရုံသည် ယူအေအီးနိုင်ငံ (UAE)၊ ဒူဘိုင်းမြို့အခြေစိုက် Splash အမှတ်တံဆိပ် အဝတ်အထည်များကို ချုပ်လုပ်နေခြင်း ဖြစ်သည်။
နိုင်ငံတကာ အထည်ချုပ် Brands များအနေဖြင့် မိမိတို့၏ ကုန်ပစ္စည်းထုတ်လုပ်မှုကွင်းဆက် (Supply Chain) တွင် အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာရန် တာဝန်ရှိသော်လည်း၊ လက်ရှိ မြန်မာနိုင်ငံရှိ စက်ရုံများတွင် အလုပ်သမားများအား ညနက်သန်းခေါင်အထိ ဖိအားပေး ခေါင်းပုံဖြတ်နေမှုများ ရှိနေ၍ သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ် တာဝန်ရှိသူများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများအနေဖြင့် အမြန်ဆုံး စောင့်ကြည့်စစ်ဆေးကာ ထိရောက်စွာ အရေးယူပေးရန် အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။






