ရန်ကုန်၊ ဇွန် ၉
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ထားပြီး ယနေ့တွင် ထန်းပင်ကုန်းရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် အနေအိမ်အများအပြား မီးလောင်ပြာကျကာ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများနေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာ အနောက်ကုန်းရှိ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
ထိုစစ်ကြောင်းသည် မေလ ၃၁ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ချောင်းခွရွာကို ရောက်ရှိနေစဉ် ပြည်သူပိုင်နေအိမ်များကို ဇွန်လ ၁ ရက်နေ့ထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူ ၅ ဦးကို သတ်ဖြတ်ထားကာ ရုပ်အလောင်းများကို ချောင်းခွရွာထိပ်တွင် စွန့်ပစ်ထားခဲ့ကြောင်း၊ လက်ရှိချိန်ထိ ကျေးရွာနေ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်၍ သတ်ဖြတ်ခံရသူများသည် မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ မေလ ၂၆ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ကိုင်ကြီးကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူ ၃ ဦးကို စစ်တပ် ကင်းပုန်းက လိုက်လံပစ်ခတ်ခြင်းကြောင့် အသက် ၅၀ ကျော်အရွယ် ဦးအေးကြီးနှင့် အသက် ၄၀ ကျော်အရွယ် ဦးဖိုးဇော်တို့ နေရာတင်ပွဲချင်းပြီး သေဆုံးကာ ၎င်းတို့ ယူဆောင်လာသော ငွေကျပ် ၃၅ သိန်းကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။
“ဒီနေ့လည်း စစ်ခွေးတွေက ထန်းပင်ကုန်းရွာကို မီးထပ်ရှို့နေတယ်။ နေအိမ်ပျက်စီးမှုများနိုင်တယ်။ သတင်းကြားတာတော့ ကျေးရွာ အနောက်ကုန်းမှာရှိတဲ့ နေအိမ်အများအပြား မီးလောင်ပြာကျသွားပြီလို့ သိရတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းက ပြည်သူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်နေတာဆိုတော့ ပြည်သူတွေလည်း ရွာထဲကို ပြန်မဝင်ရဲကျသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းစစ်ကြောင်းကြောင့် အုတ်ဖိုမြို့နယ်အတွင်း ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




