ရန်ကုန်၊ ဇွန် ၉
ကနေဒါနိုင်ငံနိုင်ငံခြားရေး ဝန်ကြီး၏ ပါလီမန်အတွင်းဝန်ဖြစ်သူ ဂုဏ်ထူးဆောင် ရော့ဘ်အိုလီဖန် အပါအဝင် ဝန်ကြီးများ၊ ပါလီမန်အမတ်များ၊ နိုင်ငံရေးသမားနှင့်တွေ့ဆုံခွင့်ရရှိခဲ့ပြီး အောင်မြင်သော ခရီးစဉ် တစ်ခုဖြစ်ခဲ့ကြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ -SECF က ထုတ် ပြန်သည်။
မေလ ၂၉ ရက်နေ့မှစ၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံသို့ စည်းရုံးလှုံ့ဆော်ရေးနှင့် ဆက်ဆံရေးတည်ဆောက်ရေးရန် အတွက် ကနေဒါနိုင်ငံသို့ သွားရောက်ခဲ့ရာ မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ကနေဒါနိုင်ငံ၏အရေးပါမှုကို ပေါ်လွင်ထင်ရှားစေပြီး ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေကြောင်း အသိပေးထား သည်။
ကနေဒါနိုင်ငံ၏ မြို့တော် အော့တဝါတွင် ကနေဒါနိုင်ငံခြားရေး ဝန်ကြီး၏ ပါလီမန်အတွင်းဝန်ဖြစ်သူ ဂုဏ်ထူးဆောင် ရော့ဘ် အိုလီဖန့် (Honourable Rob Oliphant)၊ ဝန်ကြီး များ၊ ပါလီမန်အမတ်များ ဖြစ်ကြသည့် ဂါးနက် ဂျဲနူးစ် (Garnett Genuis) နှင့် အာဒမ် ချိန်ဘာစ် (Adam Chambers) အပါအ ဝင် ကနေဒါနိုင်ငံရေးသမားများနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း ၊ ၎င်းတို့သည် မြန်မာ့ဒီမိုကရေစီအရေး ပါလီမန်မိတ်ဆွေများအဖွဲ့ (Parliamentary Friends of a Democratic Burma) ၏ ကိုယ်စား လှယ်များလည်း ဖြစ်ကြောင်း သိရသည်။
SCEF ကိုယ်စားလှယ်အဖွဲ့နှင့် ကနေဒါနိုင်ငံ တာဝန်ရှိသူများသည် ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေမည့် အခွင့်အလမ်းများ၊ ပူးပေါင်း ဆောင်ရွက်ရမည့်ကဏ္ဍများ၊ ထိရောက် သော လူသားချင်းစာနာထောက်မှု ဆိုင်ရာ အကူအညီပေးအပ်မှုများနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ပံ့ပိုးကူညီမှုများကို ထုတ်ဖော်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ်ဆက်လက် ကျူးလွန်နေသည့် အ ကြမ်းဖက်မှုများအပေါ် ကနေဒါ နိုင်ငံအနေဖြင့် အလွန် အမင်း စိုးရိမ်ပူပန်သည်ကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု ဆိုသည်။
ကိုယ်စားလှယ်အဖွဲ့သည် အော့တဝါမြို့ရှိ လူမှုအခြေပြု အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်နှင့် ဖက်ဒရယ် စနစ် ဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
တိုရွန်တိုမြို့တွင်မူ ကုလသမဂ္ဂဆိုင်ရာ ကနေဒါသံအမတ်ကြီးဟောင်းနှင့် အွန်တေးရီးယိုးပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဂုဏ်ထူးဆောင် ဘော့ဘ်ရေး (Hon. Bob Rae) နှင့် တိုရွန်တိုတက္ကသိုလ်၊ မန့်ခ် ကမ္ဘာ့ရေးရာနှင့် ပြည်သူ့မူဝါဒရေးရာကျောင်း (Munk School of Global Affairs and Public Policy) တွင် အလွန်ကောင်းမွန်သော တွေ့ဆုံမှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ဖက်ဒရယ်စနစ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ထို့ပြင် တိုရွန်တိုတက္ကသိုလ်ရှိ မြန်မာ့မူဝါဒနှင့် လူထုအသိပညာပေး ဗဟိုဌာန (MyPACK Hub) နှင့် လည်း ဝိုင်းဝန်းကဏ္ဍ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကြောင်း အသိပေးထားသည်။
ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါအရှေ့ပိုင်းရှိ လန်ဒန်မြို့နှင့် တိုရွန်တိုမြို့များ၊ ကနေဒါအနောက် ပိုင်းရှိ ဗန်ကူးဗားမြို့များရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ အဝေးရောက်မြန်မာ အသိုင်းအဝိုင်း နှင့်လည်း လူထုတွေ့ဆုံပွဲများကို ပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဇင်မာအောင်၊ SCEF နိုင်ငံခြားရေး အဖွဲ့ ဝင် များ ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စောနီးမရော့ဒ်နှင့် ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ နဲနယ်ပလိုတို့ ပါဝင်ခဲ့ခဲ့သည့်အပြင် အမျိုးသားညီညွတ်ရေး အစိုးရ၏ သမ္မတအကြံပေး ဦးကျော်ဇောလည်း ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။






