By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်းမပေါ်က အမှတ် ၁ ရဲစခန်းအနီးမှာ အလွန်ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အကြမ်းဖက်စစ်တပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
– ရုရှား ကုန်တင်လေယာဉ်ဟာ ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ်ဆက်တိုက် အသွား အပြန် ၃ ကြိမ်လာရောက်နေပြီး စစ်လေယာဉ်အစိတ်အပိုင်းတွေနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင် ဖွယ်ရှိနေ တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်း ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ ရုရှား ကုန်တင်လေယာဉ် ဆိုက်ရောက်လာပြီး ဇူလိုင် ၂၆ ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
– မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်လိုက်တာဟာ နိုင်ငံရေးအမြင်မတူသူတွေကို သတ်ဖြတ်လိုက်တာဖြစ်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ AA ၊ TNLAနဲ့ MNDAA မဟာမိတ် ၃ ဖွဲ့က တရားဝင်ထုတ်ပြန်ပါတယ်။
– မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အုပ်စုရဲ့ တရားမဝင်ကွပ်မျက်မှုအပါအဝင် ရှုတ်ချပွဲတရပ်ကို ဂျပန်လွှတ်တော်အမတ်များရုံးမှာ မနေ့ကပြုလုပ်ခဲ့တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။