ရန်ကုန်၊ ဇူလိုင် ၂၉
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခဲ့ခြင်းအပေါ် ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများ နှင့် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်တို့မှ ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာသည်။
နှစ်ပေါင်း၃၀ကျော်အတွင်း ပထမဆုံးဖြစ်သော ယခုကဲ့သို့ကွပ်မျက်မှုများနှင့် တရားမျှတသောကြားနာစစ်ဆေးမှုများလစ်ဟင်းခြင်းတို့က မြန်မာပြည်သူများ၏ ခိုင်ကျည်မြဲမြံသော ဒီမိုကရေစီလိုလားတောင့်တမှုကို စစ်အာဏာရှင်က မထေမဲ့မြင်ပြုရာရောက်ကြောင်း၊ ကွပ်မျက်ခြင်းခံရသူများမှာ ဒီမိုကရေစီအတိုက်အခံများဖက်မှ ထင်ရှားအရေးပါသည့်သူများဖြစ်သော ကိုဂျင်မီဟု သိကြသည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယု၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ဖြစ်ကြောင်း သိရှိရသည်။
ကွပ်မျက်ခြင်းခံခဲ့ရသူလေးဦး၏ မိသားစုဝင်များနှင့်အတူ ၂၀၂၁ ဖေဖော်ဝါရီ တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူအားလုံး၏ မိသားစုဝင်များ အားလုံးတို့နှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း၊ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုကို မိမိတို့ အပြင်းထန်ဆုံးရှုတ်ချမှုဖြင့် ဆက်လက်ရှုတ်ချပြီး နိုင်ငံအတွင်းမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးနှင့် လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍လည်း လွန်စွာစိုးရိမ်ပူပန်လျက်ရှိကြကြောင်း G 7 နိုင်ငံများက ထုတ်ပြန်သည်။
အကြမ်းဖက်မှုများ ချက်ချင်းအဆုံးသတ်ရန်၊ မတရား သေဒဏ် ပေး ထပ်မံကွပ်မျက်မှုများမှ ရှောင်ရှားရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးရန်နှင့် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုကြောင်း၊ အာဆီယံအဖွဲ့အစည်း၏ အားထုတ်မှုများကို ဆက်လက်အားပေးထောက်ခံပြီး စစ်တပ်ကို အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို ထောင့်ပေါင်းစုံမှ ပြည့်ပြည့်ဝဝအကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါတောင်းဆိုမှုတွင် အတိုက်အခံဒီမိုကရေစီအင်အားစုများစုံစုံညီညီနှင့် အားလုံးပါဝင်နိုင်သည့် အပြန်အလှန်ဆွေးနွေးမှုလည်း ပါဝင်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီး၏ အားထုတ်ကြိုးပမ်းမှုများကိုလည်း ဆက်လက်အားပေးထောက်ခံပြီး အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ကြားတွင် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုရှိရန်လည်း တိုက်တွန်းကြောင်း ဖော်ပြထားသည်။