26.9 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ်က အသက် ၆၀ အရွယ် စစ်ဘေးရှောင် ဦးဝင်းရွှေကို လက်ပြန် ကြိုးတုတ်၍ လည်လှီးသတ်ဖြတ်၊ မြဇီးတောရွာမှ နေအိမ်များကိုလည်းစစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၁၉

မကွေးတိုင်းဒေ၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်က သာစည်ကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ အသက် ၆၀ အရွယ် ဦးဝင်းရွှေအား လက်ပြန်ကြိုးတုတ်၍ ရက်ရ က်စက်စက် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း “အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်” မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ဇွန်လ ၁၅ရက်နေ့မှစ၍ မြိုင်မြို့နယ်တောင်ပိုင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ် ကြောင်းက နှမ်းဆီကန်ကျေးရွာအတွင်းသို့ အထိုင်ချကာ ကျေးရွာအနောက်ဘက်ရှိ တောတိုက်များသို့ စစ်ကြောင်းတစ်ကြောင်း၊ အရှေ့မြောက်ဘက်ရှိ မြေရင့်ကျေးရွာအတွင်းသို့ စစ်ကြောင်းတစ်ကြောင်း ခွဲ၍ နေရာယူထားခဲ့ကြသည်။

ထို့နောက် ဇွန်လ ၁၆ ရက်နေ့တွင် အဆိုပါစစ်ကြောင်းက သာစည်ကျေးရွာမှ ယာတောအတွင်း ယာယီတဲထိုး၍ စစ်ဘေးရှောင်နေသော အသက် ၆၀ အရွယ် ဦးဝင်းရွှေအား ဖမ်းဆီးခဲ့သည်။

ယင်းနောက် စစ်တပ်က ဦးဝင်းရွှေကို လက်ပြန်ကြိုးတုတ်ကာ ရင်ဘတ်နှင့် ဝမ်းဗိုက်များကို ဓားဖြင့်ထိုးခုတ်ပြီး လည်လှီးသတ်ဖြတ်ခဲ့သည်။

“စစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့ ပြည်သူက သာစည်ကျေးရွာက စစ်ဘေးရှောင်ပြည်သူ အသက် ၆၀ အရွယ် ဦးဝင်းရွှေ ဖြစ်ပါတယ်” ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူက ပြောကြားသည်။

ထို့ပြင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၇ ရက်နေ့တွင်လည်း မြိုင်မြို့နယ်၊ မြဇီးတောကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီး ၎င်းကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြဇီးတောကျေးရွာမှ ရွာဦးဘုန်းကြီးကျောင်းဇရပ် ၂ ခု၊ ပြည်သူပိုင်နေအိမ် ၂၀ ကျော်၊ ဖောကား (သယ်ယူပို့ဆောင်ရေးယာဉ်) ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံးပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာအမြောက်အမြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မည်သည့်နေရာသို့ ဆက်လက်ထွက်ခွာမည်ကို အတည်မပြုနိုင်သေးသဖြင့် မြိုင်မြို့နယ်တောင်ပိုင်းရှိ ပြည်သူများအနေဖြင့် စစ်ရေးသတိနှင့် လေကြောင်းရန်သတိများကို အထူးဂရုပြုနေထိုင်ကြရန် “အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်” က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article