ရန်ကုန်၊ ဩဂုတ် ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်တပ်လက် အောက်ခံ ရှမ်းနီ တပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ရာ စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၁၁ လက်ရရှိကြောင်း KIAနှင့် PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဩဂုတ်လ ၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်များက ဖားကန့်မြို့နယ်၊ ဆယ်ဇင်း ကျေးရွာကို အခြေပြုထားသော စစ်တပ်စခန်းနှင့် စစ်တပ်ဘက်တော်သား ရှမ်းနီ SNA စခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်ကြောင်း၊ စစ်သားများနှင့်ရှမ်းနီတပ်သားများ သေဆုံး ဒဏ်ရာရမှုများစွာဖြင့် စခန်းကို စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
“စခန်း ၂ ခုစလုံးကို မြေကော်စက်တွေနဲ့ပါ ဖြိုချပြီး မီးရှို့ပစ်လိုက်တယ်။ စခန်းနှစ်ခုစလုံးက စစ်ခွေး တွေ အကုန် ထွက်ပြေးကုန်တာ ။ စစ်ခွေးတွေဘက်က ၁၀ ဦးကျော်တယ်သေတာ။ လက်နက် ၁၁ လက်သိမ်းမိတယ်” ဟု KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။
အခြား KIA သတင်းရင်းမြစ်ကမူ လက်နက်များ သိမ်းဆည်းရမိသည်မှာ မှန်ကန်ပြီး M22 ၃ လက်၊ MA 1 ၁ လက်၊ MA 2 ၁ လက်၊ M23 စက်လက် ၁ လက် ၊ M16 ၁ လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ RPG ၁ လက်၊ စနိုက်ပါ ၁ လက် နှင့် လက်နက်ခဲယမ်း ဗုံးသီး ကျည်မျိုးစုံ သိမ်းဆည်းရမိကြောင်း သိရှိရသည်။