24 C
Yangon

ရေစကြိုတွင် စစ်တပ်ကို PDF များက ၄ ကြိမ် တိုက်ခိုက်မှု ပျူစောထီး ၁ ဦး သေဆုံး၊ ပုလောမြို့နယ်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး နေအိမ် ၁ လုံး ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများအတွင်း တပ်စွဲကာ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၁၁ ရက်မှ ၁၃ ရက်အတွင်း ၄ ကြိမ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး အနည်းဆုံး ၁ ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရေရှားကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဩဂုတ်လ ၁၁ ရက် ည ၁၀ နာရီ၌ ၁ ကြိမ်၊ နံနက်အစောပိုင်း ၂ နာရီခန့်တွင် ၁ ကြိမ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ရှေရှားကျေးရွာမှ နန်းဦးကျေးရွာဘက်သို့ ထွက်ခွာလာသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို ဩဂုတ်လ ၁၂ ရက် နေ့လယ် ၂ နာရီခန့်တွင် ၁ ကြိမ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် ပျူစောထီး ၁ ဦးသေဆုံးပြီး လက်နက်ကြီး လက်နက်ငယ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် လှေခုတ်ရွာရှိ အပြစ်မဲ့ပြည်သူ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ၄ ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနှောင်ပြောက်ကျားတပ်ဖွဲ့၊ SLK LPDF၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်၊ People’s Defense Force Mandalay၊ Mobile Defense Force၊ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု၊ YSO. ISA၊ YLK ပြောက်ကျားတပ်ဖွဲ့၊ SLK LPDF ၊နဂါးနီ ပြောက်ကျားတပ်၊ Myingyan Tweenty One Guerilla Force Phoenix အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာတွင် ဩဂုတ် ၁၃ ရက်နေ့ ညပိုင်း၌ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပုလေအခြေစိုက် ခလရ ၂၈၅ တပ်ရင်းက ည ၁၁ နာရီခွဲကျော်ခန့်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိမှန်ခဲ့သည့် နေအိမ်မှာ ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမင်းဇော် ဆိုသူ၏နေအိမ်ဖြစ်ကာ လက်ရှိတွင် လူနေထိုင်မှုမရှိသေးကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article