ရန်ကုန် ၊ ဩဂုတ် ၂၀
အကြမ်းဖက်စစ်ကောင်စီနဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ LOTTE ဟိုတယ်မှာ မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံရုံးက အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ နီးပါး သုံးစွဲထားကြောင်း မြန်မာစစ်တပ် ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လေ့လာနေတဲ့ Justice For Myanmar (JFM) အဖွဲ့က ထုတ်ဖော်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံသံရုံးဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့၊ တရားမဝင် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်နဲ့ဆက် နွယ်တဲ့ LOTTE ဟိုတယ်မှာ အမေရိကန် ဒေါ်လာ ၃၅၀,၀၀၀ နီးပါဒေး သုံးစွဲထားတယ်လို့ JFM ကထုတ်ပြန်ခဲ့ပါတယ်။
နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက အဲ့ဒီအသုံးစာရိတ်တွေကို နော်ဝေသတင်း စာ Aftenposten မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တစ်လမှာ အမေရိကန်ဒေါ်လာ ၄၀၀၀ ကနေ ၆၃၀၀ စျေးနှုန်းရှိတဲ့ အခန်းတွေအတွက် အဲ့ဒီငွေ အများစုကို နော်ဝေသံရုံးက အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“LOTTE က စစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေတာပါ။ အဲ့ဒီဟိုတယ်ကို နော်ဝေနိုင်ငံကအသုံးပြုတာကို ခွင့်လွှတ်နိုင်ဖွယ်ရာ ကိစ္စမ ဟုတ် ပါဘူး။
ဒီမတိုင်မီကလည်း နော်ဝေနိုင်ငံပိုင် တယ်လီနော်ကုမ္ပဏီက ထိခိုက်နိုင်ဖွယ်ရှိတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို လူသတ်စစ်ကောင်စီဆီကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး၊ နော်ဝေအစိုးရက ဒီကိစ္စကို တာဝန်ယူတာ မရှိခဲ့ပါဘူး။”လို့ Justice For Myanmar ကထုတ်ပြန်ထားပါတယ်။
ဩစတြေးလျနိုင်ငံသံရုံးကလည်း စစ်တပ်နဲ့ အကျိုးတူစီးပွားရေးလုပ်ကိုင်နေတဲ့ LOTTE ဟိုတယ် မှာ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အမေရိကန်ဒေါ်လာ ၅၂၅,၀၀၀ ဒေါ်လာကို အသုံးပြုခဲ့တယ်လို့JFM ကထုတ်ပြန်ခဲ့ပါသေးတယ်။
နော်ဝေနိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့ LOTTE ဟိုတယ်၊ စစ်တပ်စီးပွားရေးလုပ်ငန်း အားလုံးတို့နဲ့ စီးပွားရေးပတ်သက်ဆက်နွယ်မှုတွေ အားလုံးကို ချက်ချင်း အဆုံးသတ်ဖို့ မြန်မာနိုင်ငံရဲ့တရားဝင် အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု၊ ပံ့ပိုးကူညီဖို့ ကိုလည်း Justice For Myanmar ကတောင်းဆိုထားပါတယ်
LOTTE ဟိုတယ်ဟာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ရဲ့ လက်အောက်က စစ်ထောက်ချုပ်ရုံး ဆီက ငှားရမ်းထားတဲ့ မြေနေရာပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး စစ်ထောက်ချုပ်ရုံးက မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်လက်နက်တွေကို ဝယ်ယူပေးတဲ့ ဌာနဖြစ်ပါတယ်။
အဲ့ဒီဌာန ကို အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။
Distributed Denial of Secrets က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှတ်တမ်းတွေအရ LOTTE ဟိုတယ်က စစ်ထောက်ချုပ်ရုံးဆီ မြေငှားရမ်းခအတွက် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၁.၈၇၄ သန်းကို ပေးချေရပြီး၊ ဒါ့အပြင် တစ်ပေါင်းတည်းသွင်းရတဲ့ မြေနေရာအသုံးပြုမှုအာမခံကြေး အမေရိကန် ဒေါ်လာ ၁၃.၅၁ သန်းကိုလည်း ပေးချေခဲ့ရတယ်လို့သိရှိရပါတယ်။
မြေနေရာငှားရမ်းမှုကာလ အများဆုံး နှစ် ၇၀ ကုန်ဆုံးတဲ့ အခါမှာလည်း စစ်တပ်က ယင်းဟိုတယ်နဲ့ အခန်းတွေကို ရယူသွားမှာဖြစ်ပြီး၊ စစ်တပ်ကို အကျိုးအမြတ် ကြီးမားတဲ့ အနာဂတ်ပိုင်ဆိုင်မှုတစ်ရပ် ပေးအပ်ထားတာဖြစ်
တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
အဲ့ဒီဟိုတယ်နဲ့ အဆင့်မြင့်ဝန်ဆောင်မှုပါရှိတဲ့ တိုက်ခန်းစီမံကိန်းရဲ့ နောက်ကွယ်က အဓိက ရင်းနှီးမြှုပ်နှံသူက တောင်ကိုးရီးယားကော်ပိုရေးရှင်း POSCO International ဖြစ်ပြီး ၆၉.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ POSCO International က သံမဏိလုပ်ငန်းကြီး POSCO ကုမ္ပဏီရဲ့ လူသိထင်ရှားကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းက တဆင့် စစ်ကောင်စီအတွက် အဓိကငွေကြေးရှာဖွေပေးတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။
တောင်ကိုးရီးယား ကော်ပိုရေးရှင်းတစ်ခုပင်ဖြစ်တဲ့ LOTTE Corporation က စီမံကိန်းရဲ့ ၁၅.၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။
POSCO နဲ့ LOTTE တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက စင်ကာပူကုမ္ပဏီ POSCO International Global Development Pte Ltd မှတဆင့် စီးဝင်ခြင်း ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ၁၅ ရာခိုင်နှုန်းကို စီမံကိန်းရဲ့ ပြည်တွင်း မိတ်ဖက်ကုမ္ပဏီ Spirit Paradise Services (ယခင်နာမည် IGE-Sinphyushin) က ပိုင်ဆိုင်တယ်လို့သိရှိရပါတယ်။
Spirit Paradise Services ကို မြန်မာရေတပ်ချုပ် မိုးအောင်ရဲ့အစ်ကိုဖြစ်တဲ့ မြန်မာခရိုနီ နေအောင်က ပိုင်ဆိုင်တယ်လို့ JFM ကဖော်ထုတ်ထားပါတယ်။
ခရိုနီ နေအောင်ရဲ့ ဖခင်ဖြစ်သူ အောင်သောင်းက ယခင်စစ်အစိုးရရဲ့ ဝန်ကြီးဟောင်း တစ်ဦးဖြစ်ခဲ့ပြီး၊ သဘောထားတင်းမာသူလို့ နာမည်ဆိုးထွက်သူတစ်ဦး ဖြစ်ပါတယ်။ သူ့ကို ၂၀၁၄ ခုနှစ်မှာ အမေရိကန်က “အကြမ်းဖက်မှု၊ ဖိနှိပ်ညှဉ်းပန်းမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ကျူးလွန်ခြင်းအတွက်” ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အောင်သောင်း ကွယ်လွန်ခဲ့ပါတယ်။
