23 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ နှင့် အခေါက်ရွှေတစ်ကျပ်သား ၂၈ သိန်းကျော် စျေးပြန်တက်လာ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောင်းလဲပြီးနောက် သွင်း ကုန်သမားများ ဗဟိုဘဏ်ထံမှ ဒေါ်လာဝယ်ရန် အလွန်ခက်လာ

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၈ သိန်း ၁ သောင်းအထိ စျေးပြန်ထိုးတက်သွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၄၀ ကျပ်နှင့် ၃၁၀၀ ကျပ်အကြား၊ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၈ သိန်း ကျော် အခြေအနေတွင် စျေးပြန်တက် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ဝယ် လိုအား အလွန်များပြားကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့ အမေရိကန်တစ်ဒေါ်လာ ၃၁၀၀ ကျပ်ဝန်းကျင်၊ ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၂၈ သိန်း ၃ သောင်းဝန်းကျင်ဖြင့် စျေးတက်ခဲ့ပြီးနောက် စစ်တပ်က ရွှေကုန်သည်များကို ခေါ်ယူ မေးမြန်းခြင်း၊ ဒေါ်လာ ဝယ်ရောင်းလက်ကြီးသမားများကို လိုက်လံဖမ်းဆီးခြင်းနှင့် မြ၀တီတွင် ငွေလဲသူများကို ဖမ်းဆီးခဲ့ခြင်းကြောင့် အရောင်းအဝယ် ရပ်လုနီးပါးဖြစ်ကာ စျေးကျခဲ့ကြောင်း၊ သို့ရာတွင် ၁၁ ရက်နီးပါးအကြာတွင် စျေးပြန်တက်လာခြင်း ဖြစ် ကြောင်း သိရှိရသည်။

“အဖမ်းအဆီးတွေရှိလို့ ရွှေ ဒေါ်လာ သိပ်မလုပ်ကြတာ။ စျေးကွက်မှာ Demand က နေ့တိုင်းများတယ်။ အခုကြားတာက ဒေါ်လာတွေ စစ်တပ်က ရောင်းမပေးတော့ဘူးကြားတယ်။ ဒေါ်လာစျေးတက်တော့ ရွှေစျေးလိုက်တက်လာတာ” ဟု ရွှေကုန်သည်တစ်ဦးက ပြောသည်။

သွင်းကုန်သမားတချို့ကလည်း ဩဂုတ်လ ၁၉ ရက်နေ့တွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းကို ဖြုတ်ချပြီး‌ ဒေါ်သန်းသန်းဆွေ ဗဟိုဘဏ်ဥက္ကဋ္ဌသစ် အဖြစ်ခန့် အပ်လိုက်ပြီးနောက် ဒေါ်လာ ဝယ်ယူရခက်ခဲလာကြောင်း၊ ဗဟိုဘဏ် ၊နိုင်ငံခြား ငွေသုံးစွဲမှု ကော်မတီက သွင်းကုန်သမားများအတွက် ဒေါ်လာ မရောင်းတော့သည့်အခြေအနေဖြစ်လာကြောင်း ပြောဆိုကြသည်။

“ဒေါ်လာရဖို့ အရမ်းခက်လာတယ်။ စက်သုံးဆီသမားတွေ အဆိုးဆုံးခံနေရတယ်။ ရုရှားက စက်သုံးဆီတွေ ရောက် မယ်ဆိုပြီးကတည်းက ဒေါ်လာကို ဗဟိုဘဏ်ဘက်က အတော်ကို ထိန်းချုပ်လိုက်တယ်။ လိုသလောက်လည်း မရတော့ဘူး။ အခြားသွင်းကုန်းသမားတွေလည်း အတူတူပဲ” ဟု သွင်းကုန်သမားတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ စျေးနှုန်း သတ်မှတ်ထားသော်လည်း စျေးကွက်တွင်မူ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ အထိစျေးတက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article