27 C
Yangon

ဒေါ်လာ သတ်မှတ်နှုန်း ပြောင်းလဲရန်(သို့မဟုတ်) နှုန်းရှင် ပြန်ထားရန် စီးပွား ရေးသမားများက စစ်တပ်ကို ပြော ၊ စစ်ကောင်စီက ဒေါ်လာ နည်းနေ၍ ငွေလဲနှုန်းကို မလွှတ်ပေးဟု တုံ့ပြန်

Must read

MOGE ကိုပိတ်ဆို့ရန်ရှိနေမှု၊ စစ်ခေါင်းဆောင်များကို ICC တရားရုံးတင်ရန် ကြိုးပမ်းမှု၊ စစ်ပွဲများ တပြည်လုံး ကျယ်ပြန့်လာမှု နှင့် အမေရိကန်ဗဟိုဘဏ် ၏ အတိုးနှုန်း မြှင့်တင်ရန်ရှိနေမှုတို့ကြောင့် ဒေါ်လာ တန်ဖိုးထိုးတက်ရန် ဦးတည်နေ

ရန်ကုန်၊ ဩဂုတ် ၂၈

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က သတ်မှတ်ထားသော အမေရိကန်ဒေါ်လာ တန်ဖိုးကို ပြောင်းလဲရန် (သို့မ ဟုတ်) စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် ပြန်ထားရန် UMFCCI နှင့် စက်သုံးဆီ လုပ်ငန်းရှင်များက စစ်ကောင်စီကို အကြံပြုထားကြောင်း သိရှိရသည်။

အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၄၀၀ ကျပ်အထိ ထိုးတက်ပြီးနောက် စစ်ကောင်စီ၏ ဗဟိုဘဏ်၊ UMFCCI ၊ ပုဂ္ဂလိကဘဏ်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိရာ စီးပွားရေးသမားများက ငွေလဲနှုန်းကို စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် ပြန်လည် ထားရှိရန် (သို့မဟုတ်) စျေးကွက်ပေါက်စျေးနှင့်နီး စပ်သော ရည်ညွှန်းစျေးနှုန်း ပြောင်းလဲရန် အကြံပြုကြကြောင်း သိရှိရသည်။

“ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်တွေက စျေးကွက်ပေါက်စျေးနဲ့ သတ်မှတ်စျေးနှုန်းဟနေတယ်။ အဲဒါကြောင့် အလုပ်လုပ်လို့မရဘူး။ အဲဒီတော့ ငွေလဲနှုန်းကို နှုန်းရှင် ပြန်ပြောင်းဖို့ ပြောတယ်။ ဗဟိုဘဏ်ဘက်ကလည်း နှုန်းရှင်တော့ ပြန် မပြောင်းနိုင်ဘူး။ သူတို့ ထိန်းမနိုင်ဘဲ စျေးတွေ တက်လာမှာ ကြောက်တယ်။ တစ်ဖက်မှာလည်း ဒေါ်လာက ဝင်ငွေ နည်းနေတာ သူတို့ဝန်ခံတယ်။ အကျပ်ရိုက်နေတယ်။ အဲဒီတော့ အခု Hybrid သွားဖို့ ဆွေးနွေးတာရှိပါတယ်။ သတ်မှတ်စျေးကို ထပ်ပြောင်းမယ်။ မူဝါဒတွေ ထပ်ဖြည်လျှော့မယ်။ သူတို့ ၅၀ ရာခိုင်နှုန်းထိန်းမယ်၊ စျေးကွက်ကိုလည်း ၅၀ ရာခိုင်နှုန်းလွှတ်ပေးမယ်။ အဲဒီလိုတော့ ပြောသံကြားရပါတယ်” ဟု ရန်ကုန်စီးပွားရေးသမားက ပြောသည်။

စစ်ကောင်စီက လက်ရှိ သတ်မှတ်ထားသော တစ်ဒေါ်လာ ၂၁၀၀ ကျပ်ကို တစ်ဒေါ်လာ ၂၅၀၀ ကျပ် (သို့မဟုတ်) ၂၇၀၀ သို့ ပြောင်းလဲ ပြင်ဆင်ရန် အလားအလာရှိကြောင်း၊ ထို့ပြင် စက်သုံးဆီ တင်သွင်းမှုများကို လျှော့ချပြီး မလိုအပ်သော သွင်းကုန်များ ပိတ်ပင်ရန်၊ ပို့ကုန်များ တိုးမြှင့်ရေး အမြန်ဆုံးစနစ်တစ်ခုထူထောင်ပြီး စီးပွားရေး မြှင့်တင်ရန်၊ ပို့ကုန်ရငွေများကို စစ်တပ်က သိမ်းယူမှု ရာခိုင်နှုန်း ထပ်မံလျှော့ချရန် ဆွေးနွေးနေကြကြောင်း၊ သို့ရာတွင် စီးပွားရေး ပြိုကျပျက်စီးခြင်း၏ အဓိက အကြောင်းတရားဖြစ်သော နိုင်ငံရေး အခြေအနေဆိုးဝါးမှုနှင့် စစ်အာဏာသိမ်းမှုအပေါ် ထည့်သွင်းဆွေးနွေးမှုမရှိဟု သိရှိရသည်။

“အားလုံးက ဘယ်လိုလုပ်ရင် ကောင်းမယ်၊ ဘယ်လိုလုပ်ရင် ငွေလဲနှုန်း ထိန်းနိုင်မယ်ပြောနေကြတာ။ တကယ့် အဓိက အကြောင်းအရာကို မဆွေးနွေးကြဘူး။ အခုဖြစ်နေတာက နိုင်ငံရေး အခြေအနေ ဆိုးဝါးလာတာနဲ့ အာ ဏာသိမ်းထားလို့ဆိုတာကိုတော့ ထည့်မဆွေးနွေးကြဘူး။ အခြေခံ အကြောင်းတရားကို ပြင်ဖို့ မဆွေးနွေးတော့ သူတို့ ပြောတဲ့ နည်းလမ်းတွေက ဆေးမြီးတိုပဲ။ ဒါကိုလည်း အားလုံးသိကြပါတယ်။ သိသိနဲ့ပဲ မသိချင်ယောင်ဆောင်ပြီး ပြောဆိုဆွေးနွေးကြတာ။ အမေရိကန်ဒေါ်လာကို မသုံးဘဲ ကုန်သွယ်ဖို့ဆိုတာ တရုတ်နဲ့ရုရှားတောင် မလုပ်နိုင်ဘူး။ အဲဒါမျိုး မဖြစ်နိုင်တာတွေလည်း မီတင်မှာ ပြောဆို ဆွေးနွေးကြတာ တွေ့ရတယ်” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

လက်ရှိ အမေရိကန်က MOGE ကို ပိတ်ဆို့ရန် ရှိနေမှု၊ စစ်ခေါင်းဆောင်များကို ICC တရားရုံးတင်ရန် နီးစပ်လာနေမှုများကလည်း စီးပွားရေးလောကတွင် မသေချာ မရေရာမှုများ ဖြစ်ပေါ်စေကြောင်း၊ တစ်နိုင်ငံလုံး ကျယ်ပြန့်လာသော စစ်ပွဲများကြောင့် ပြည်တွင်းစီးပွားရေးလောကတွင် မည်သည့်အာမခံချက်မှ မရှိတော့ဟု ဆိုသည်။

“ICC တရားရုံးတင်ဖို့က နီးစပ်လာသလိုလို သတင်းတွေကြောင့်လည်းပါတယ်။ စီးပွားရေးသမားတွေနဲ့ စီးပွားရေး လောကအတွက် အာမခံချက်က မရှိလှဘူး။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဥပမာ- MOGE ကို ပိတ်ဆို့တာတွေလည်း လာမယ်ဆိုတော့ အလုပ်လုပ်ဖို့ထက် ကိုယ့်ပိုင်ဆိုင်မှု မပျောက်ပျက်ဖို့နဲ့ ရှိတာထုတ်ပြီး ရွှေ့ဖို့ပဲ စဉ်းစားကြတယ်။ တချို့ စီးပွားရေးသမားကြီးတွေ လုပ်နေတယ်ဆိုတာက ဟန်ပြသက်သက်လောက်ပဲ။ လုပ်ရင်းနဲ့ကို ဆုံးရှုံးနေတာ။ စီးပွားပျက်နေတာ။ တ ကယ်က ဘေးဖြစ်မှာစိုးလို့ သိုသိုသိပ်သိပ် ရွှေ့နေကြပြီ။ အပေါ်ယံ ပြောဆိုဆက်ဆံလောက်ပဲ လုပ်နေကြတာပါ။ အဲဒီတော့ ပို့ကုန်နဲ့ စီးပွားရေးကို ပြန် Drive လုပ်မယ်ဆိုတာကလည်း လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ဘာဥပဒေ စည်းကမ်းမှ မရှိတာ။ သေနတ်ပြောင်းက လာတာက ဥပဒေ အမိန့်ဖြစ်နေတာကြောင့် ဘာအာမခံချက်မှ မရှိတာ” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၂၅၀ နှင့် ၃၃၀၀ ကျပ်အကြား စျေးပေါက်လျက်ရှိပြီး ရွှေစျေးမှာလည်း ၂၉ သိန်းနီးပါး ပတ်ဝန်းကျင်တွင် စျေးရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article