ရန်ကုန်၊ သြဂုတ် ၂၈
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာနှင့် အောက်သားကန်ရွာကြား ကားလမ်းနံဘေးတွင် ရက္ခိုင့်တပ်တော်AA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ သြဂုတ်လ ၂၈ ရက်ညနေပိုင်းတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများကပြောသည်။
တိုက်ပွဲမှာ ညနေ ၄ နာရီအချိန်ခန့်မှစတင်ဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများမှာ နံနက်ပိုင်းအချိန်ခန့်မှစ၍ အောက်သားကန်ကျေးရွာသို့ ဝင်ရောက်နေကြပြီဖြစ်သည်ဟု အောက်သားကန်ကျေးရွာသားတစ်ဦးကပြောသည်။
“မနက်ကတည်းကသူတို့တွေဝင်လာလို့ ထွက်ပြေးလာကြပါပြီ။ ခုညပိုင်းတော့တိုက်ပွဲ စဖြစ်နေပြီ။ ရွာမှာ ထွက်မရောက်ဘဲကျန်ခဲ့တဲ့လူတစ်ချို့လည်းရှိနေတယ်။ ဘယ်လိုအခြေနေရှိကြလဲတော့သေချာမပြောတတ်ဘူး။ တိုက်ပွဲကတော့အပြင်းအထန်ဖြစ်နေတယ်” ဟုပြောသည်။
နှစ်ဖက်တိုက်ပွဲကြောင့် အောက်သားကန်ကျေးရွာအပြင် အိုထိန်းကျေးရွာမှ ကျေးရွာသားများမှာ ၎င်းတို့နှင့်အနီးစပ်ဆုံးဖြစ်သည့် ပြိုင်းချဖက်သို့ကူးကား ခိုလှုံလျက်ရှိကြကြောင်း ဒေသခံများကပြောသည်။
ယခုတိုက်ပွဲဖြစ်ပွါးသည့်နေရသည် ရန်ကုန်- စစ်တွေကားလမ်းနားဘေးတွင်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးနေ၍ စစ်တွေဖက်မှ ထွက်လာသည့် ခရီးသည်တင်ကားများမှာလည်း ကျောက်တော်မဟာမုနိအနီးတွင် ပိတ်မိလျက်ရှိကာ ရှေ့တိုး၍မရတော့သည့်အခြေနေတွင်ရှိနေသည်ဟု ကားသမားတစ်ဦးကပြောသည်။
“ပုံမှန်ထွက်လာနေကျအချိန်ပဲလာကြတာ။ တိုက်ပွဲဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့လည်းမရဘူးလေ။ အခုတော့ပိတ်မိနေကြတယ်။ ရှေ့တိုးလို့မရတော့ဘူး” ဟုပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်က စစ်ကောင်စီတပ်သား ၁၀၀ ကျော်ခန့် ကျောက်တော်မှနေ၍ မြောက်ဦးဖက်သို့ စစ်ကြောင်းထွက်ခွာလာမှုတို့ရှိပြီး မြောက်ဦးနှင့်ကျောက်တော်ကြားရှိ ကျောက်ကျပ်ကျေးရွာသို့ ဝင်ရောက်မှုရှိခဲ့သည်။
ရခိုင်ဒေသတွင်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲအရှိန်မှာ ဆက်လက်မြင့်တက်လျက်ရှိပြီး ပလက်ဝ၊ ရသေ့တောင်၊ မောင်တောနှင့် တောင်ကုန်ဖက်တို့အပြင် မြောက်ဦးတွင်ပါကူးစက်ဖြစ်ပွားလာခြင်းဖြစ်သည်။
သြဂုတ် ၂၆ နှင့် ၂၇ ရက်တွင်လည်း မောင်တောမြောက်ပိုင်း ခမောင်းဆိပ်နှင့် မင်းခမောင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲပြင်းထန်မှုရှိခဲ့ပြီး မင်းခမောင်းကျေးရွာမှ ဒေသခံ ၃ ဦးကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းနောက် ၂၇ ရက်ညနေပိုင်းတွင် စစ်ကောင်စီဖက်မှ ခမောင်းဆိပ်ဗျူဟာကုန်းကိုဖက်တွင် ရဟာဆ်ယာဥ်များအသုံးပြုကာတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ပွဲဧရိယာအတွင်း ဒေသခံများမှာလည်း ဘေးလွတ်ရာ ကျေးရွာများသို့ အသီးသီးထွက်ပြေးခိုလှုံခဲ့ကြရသည်။
(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)