ရန်ကုန်၊ သြဂုတ် ၂၈
မကွေးတိုင်း မြိုင်မြို့နယ် ဝယ်တောင်(မ)ရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀ ခန့် မီးလောင်းပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဒေသခံ ပြည်သူအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ပြည်သူများ ဖမ်းဆီး သတ်ဖြတ်ခံရခြင်း၊ ခေါ်ဆောင်သွားခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” အခုထိတော့ ပြည်သူတွေ အားလုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်။ ဖမ်းဆီးခံရတာ အသတ်ခံရတာတော့ မကြားမိသေးဘူး။ PDF တပ်ဖွဲ့တွေ ပြည်သူတွေ ရွာထဲဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။