29 C
Yangon

မိုးကုတ်တွင် စစ်ယာဥ်တန်း လက်ပစ်ဗုံး ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းများကြောင့် ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦးခန့်သေဆုံးနိုင်၊ တနင်္သာရီတွင် စစ်ကား မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၂၉

မန္တလေးတိုင်း မိုးကုတ်မြို့နယ် ရေဝေရွာအနီး စစ်တပ် ယာဥ်တန်းကို သပိတ်ကျင်း PDF အမှတ် ၁၂၂၂ တပ်ရင်း၊ ၁၂၂၃ နှင့် ၁၂၂၁ တပ်ရင်းတို့ ပူးပေါင်းကာ လက်ပစ်ဗုံး ပစ်သွင်းခြင်း၊ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း သပိတ်ကျင်း PDF အမှတ် ၁၂၂၂ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မိုးကုတ် တိုက်ခိုက်မှု ဖြစ်စဥ်မှာ သေဆုံးတဲ့ စစ်ခွေး ၁၅ ကောင်ထဲမှာ သုံးပွင့် ၁ ကောင် ဗိုလ်ကြီး တစ်ဦးသေပါတယ်။ တပ်ရင်းမှူးလည်း ထိခိုက်ဒဏ်ရာရပါတယ်။ အတည်ပြုလို့ ရပါတယ်” ဟု သပိတ်ကျင်း PDF အမှတ် ၁၂၂၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စစ် ယာဥ်တန်းသည် ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကြောင်းထိုးရန် လာရောက်စဥ် တပ်ရင်း ၁၂၂၂ မှ ရဲဘော်များက ယာဥ်တန်းကို လက်ပစ်ဗုံး တစ်လုံး ပစ်သွင်းလိုက်ကြောင်း၊ ယင်းနောက် အနီးကပ် တိုက်ပွဲငယ် တစ်ခုဖြစ်ပွားခဲ့ကာ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ခလရ ၃၃ မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး တပ်ရင်းမှူးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် တပ်နယ် အတွင်းမှ ထွက်လာသော စစ်ကား ၂ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

စစ်ကား ၂ စီးကို ကော့သောင်း၊ ဘုတ်ပြင် (ပ.က.ဖ) အဖွဲ့များက မိုင်းဆွဲ တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်‌သား ၂ ဦး သေ ဆုံးကာ ၅ ဦး အပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ စစ်ဆင် နိုင်ခဲ့​ကြောင်း သိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းဆွဲခံရသော အကြမ်းဖက်စစ်ကောင်စီကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article