29 C
Yangon

အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်တားဆီးနိုင်ရေး Y Complex စီမံကိန်းတွင် ပါဝင်နေသော ကုမ္ပဏီများအား ဖိအားပေးရန် ရင်းနှီးမြှုပ်နှံသူများအား တောင်းဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

ဂျပန်ကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်အကြား စီးပွားရေးဆက်ဆံမှုတွေနဲ့ ပတ်သတ်ပြီး အရပ်ဘက်အဖွဲ့အစည်း ၈ ဖွဲ့ က ဂျပန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Tokyo Tatemono Co., Ltd နဲ့ Daiwa House Industry Co., Ltd တွေမှာ ရင်းနှီးမြုပ်နှံထားတဲ့ အစုရှယ်ယာရှင် ၁၀၁ ဦးဆီကို မေလ ၂၄ ရက်၊ ၂၀၂၂ ရက်စွဲနဲ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်လို့ Justice For Myanmar က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Tokyo Tatemono နဲ့ Daiwa House Industry တို့က အကောင်အထည်ဖော်နေတဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း Y Complex စီမံကိန်းဟာ မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကူညီထောက်ပံ့ရာရောက်နိုင်တာကို ထောက်ပြထားပြီး Y Complex ကနေ စစ်တပ်ကို အကျိုးမဖြစ်ထွန်းစေဖို့ ကုမ္ပဏီနှစ်ခုအပေါ် အရေးယူဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

အဆိုပါ ကုမ္ပဏီတွေအနေနဲ့ လုံလောက်တဲ့ အရေးယူဆောင်ရွက်တာတွေ မလုပ်ဆောင်ခဲ့ရင် ကော်ပိုရိတ် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ကုမ္ပဏီတွေကနေ နုတ်ထွက်ဖို့ စဉ်းစားကြရမှာဖြစ်တယ်လို့ ပေးပို့ခဲ့တဲ့ စာထဲမှာ ထပ်လောင်း တောင်းဆိုထားကြောင်း သိရပါတယ်။

စီမံကိန်းကုမ္ပဏီ Y Complex Company Ltd က မြန်မာကော်ပိုရေးရှင်းတစ်ခုဖြစ်ပါတယ်။ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို စင်ကာပူကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Yangon Museum Development Pte YMD က ပိုင်ဆိုင်ပြီး၊ ကျန် ၂၀ ရာခိုင်နှုန်းကို မြန်မာကော်ပိုရေးရှင်းဖြစ်တဲ့ Yangon Technical and Trading Company Ltd. (YTT) ကပိုင်ဆိုင်ထားတာပါ။

YMD ကို Tokyo Tatemono ၊ Fujita Corporation (Daiwa House Industry ရဲ့ လုပ်ငန်းခွဲ) နဲ့ Japan Overseas Infrastructure Investment Corporation for Transport and Urban Development (JOIN) တို့က ပူးပေါင်းတည်ထောင်ခဲ့ပါတယ်။

JOIN က ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကြွေးမြီအာမခံချက်အပြင် အစိုးရပိုင် Japan Bank for International Cooperation (JBIC) ရဲ့ ချေးငွေနဲ့ စီမံကိန်းမှာ ဂျပန်နိုင်ငံရဲ့ အများပိုင်ဘဏ္ဍာငွေတွေကို ရင်းနှီးမြုပ်နှံထားကြောင်း ညွှန်ပြနေတယ်လို့ဆိုပါတယ်။

ဒီစီမံကိန်းကို စစ်တပ်အမည်ပေါက်မြေပေါ်မှာ ငှားရမ်းလုပ်ကိုင်တာဖြစ်ပြီး တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း ဘီအိုတီ BOT သဘောတူညီချက်နဲ့ မြေငှားရမ်းခတွေကို စစ်ထောက်ချုပ်ရုံးကို ပေးဆောင်နေတာ ဖြစ်ပါတယ်။

စစ်ထောက်ချုပ်ရုံးဟာ မြန်မာစစ်တပ်အတွက် ဝယ်ယူရေးမှာ အဓိက တာဝန်ယူထားတာဖြစ်သလို မြန်မာစစ်တပ်နဲ့ စစ်ထောက်ချုပ်ရုံးကို မြေငှားရမ်းခ ပေးဆောင်နေတာဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေနဲ့ နိုင်ငံသားတွေကို သတ်ဖြတ်တာ၊ မတရားဖမ်းဆီးတာ၊ လိင်အကြမ်းဖက်တာတွေမှာ ပူးပေါင်းပါဝင်နေတာပဲ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

ဒါ့ကြောင့် အမေရိကန်၊ ယူကေနဲ့ ကနေဒါ တို့က စစ်ထောက်ချုပ်ရုံးကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။

တရားဝင်စာရွက်စာတမ်းတွေအရ မြေငှားရမ်းခ တစ်နှစ်ကို အမေရိကန်ဒေါ်လာနှစ်သန်းခန့် (JPY သန်း ၂၃၀ ခန့်) ဖြစ်ပြီး စာချုပ်သက်တမ်း နှစ် ၅၀ အတွက် ပေးချေရမှာ ဖြစ်ပါတယ်။

အခုနှစ် ဧပြီလအထိ ငွေပေးချေတာ မပြုလုပ်ရသေးပေမယ့် အာဏာသိမ်းဖို့ ကြိုးပမ်းကတည်းက Tokyo Tatemono နဲ့ Daiwa House Industry တို့ဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ မေးခွန်းထုတ်ထားတဲ့ စိုးရိမ်ပူပန်မှုတွေကို တိကျသေချာတဲ့ အဖြေမပေးခဲ့ကြဘဲ ၎င်းတို့ဟာ စီမံကိန်းက နုတ်ထွက်တာ မရှိသေးပါဘူး။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေ ဆက်ပြီး တိုးလာနေပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတစ်ဦးနဲ့ လွှတ်တော်အမတ်ဟောင်းတစ်ဦးတို့ကို တရားမ၀င်စစ်ကောင်စီရဲ့ စစ်ခုံရုံးက “သေဒဏ်”ချမှတ်ခဲ့ပြီး ဇူလိုင်လ နှောင်းပိုင်းမှာ စီရင်ခဲ့ပါတယ်။

Y Complex စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန်ဝေဖန်တာတွေ ရှိနေသလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့တဲ့ Progressive Voice က Y Complex ဟာ ဂျပန်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးထက် ၎င်းတို့ရဲ့ အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်နေတဲ့အကြောင်း ထင်ရှားတဲ့ နမူနာတခုဖြစ်တယ်လို့ ဖော်ပြခဲ့ကြောင်း သိရပါတယ်။

Tokyo Tatemono နဲ့ Daiwa House Industry တို့ဟာ စစ်ထောက်ချုပ်ရုံးကို ငှါးရမ်းခပေးချေဖို့ သဘောတူထားတဲ့ စာချုပ်မှာပါနေတဲ့ ဝတ္တရားတွေကို ပြန်ရုပ်သိမ်းရမှာ ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

ဒါ့အပြင် ပေးပို့ထားတဲ့ စာကို တုံ့ပြန်မှုမရှိကြ သို့တည်းမဟုတ် ၎င်းတို့ရဲ့ လူ့အခွင့်အရေးမူဝါဒတွေကို အာရုံစိုက်ရင်ရပြီလို့ ခံယူကြတဲ့ အစုရှယ်ယာရှင်အများစုအနေနဲ့ အခုထက်ပိုပြီး ဖိအားပေးလုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကြမ်းဖက်မြန်မာစစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ စီးပွါးရေးဆက်ဆံမှုတွေအားလုံးကို ဖြတ်တောက်ကြဖို့အတွက် ကုမ္ပဏီတွေနဲ့ ဆက်လက်တိုက်တွန်း ဆောင်ရွက်ကြဖို့ အစုရှယ်ယာရှင်အားလုံးကိုလည်း တောင်းဆိုထားပါသေးတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article