24.8 C
Yangon

ကနီတွင် စစ်တပ်က ကျေးရွာ ၄ ရွာရှိ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံး အပါအဝင် နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ သြဂုတ် ၃၀

စစ်ကိုင်းတိုင်း ကနီမြို့နယ် သရက်ပင်ရွာ၊ ဝါးတန်းအရှေ့ရွာ ၊ဝါးတန်းအနောက်ရွာ ၊အုန်းပင်ဆိပ်ရွာတို့ကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၈ရက်နှင့် ၂၉ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံး အပါအဝင် နေအိမ်များကိုပါ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ကနီမြို့နယ် သရက်ပင်ရွာရှိ စာသင်ကျောင်းတွင်ရှိသော စာသင်ဆောင်တဲကြီး ၂ တဲနှင့် စာရေး ကိရိယာ စာသင်ခုံများ ၊ စာသင်ကျောင်းအတွင်းထားရှိသော စစ်ဘေးရှောင်ပြည်သူများ၏ အိမ်ထောင် ပရိဘောဂ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး လူနေအိမ် ၂၀ ကျော် ထက်မနည်း ဝင်ရောက် မွှေနှောက်ပြီး စားနပ်ရိက္ခာများအား ယူဆောင်သွားသည်။

သရက်ပင် တိုက်နယ် ဆေးရုံရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ဒေသခံ ပြည်သူများအား ဆေးဝါး ကုသပေးနေသည့် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ဆေးပစ္စည်း ကိရိယာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဆေးဝါးပစ္စည်း ကိရိယာများအား ရေထဲတွင်နှစ်ကာ ပစ်ချ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် သရက်ပင်ရွာမှ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၆၂ ဦးကို ဖမ်းဆီး စစ်ဆေး မေးမြန်းပြီး စစ်တပ် ကောင်းကြောင်းများ ဟောပြောပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကာ ၎င်းတို့ ဖမ်းဆီးခံရ သူများထဲတွင် လသားအရွယ် ရင်ခွင်ပိုက် ကလေးမှ စတင်ပြီး အသက် ၈၂ နှစ်​အထိ ပါဝင်သည်ဟု သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ကနီမြို့နယ် ဝါးတန်းအရှေ့ရွာ မှ ပြည်သူပိုင် နေအိမ် ၁ လုံး ၊ ဝါးတန်းအနောက်ရွာမှ ပြည်သူပိုင် နေအိမ် ၁၀ လုံး ၊ နွားတဲ ၈ လုံး၊ မီးဖိုချောင် ၁ လုံး ၊ စက်တဲ ၁ လုံး၊ အိုင်တောင်တောတိုက်မှ ပြည်သူပိုင် နေအိမ် ၁ လုံး၊ ၄င်းတဲအတွင်းရှိ စစ်ဘေး တိမ်းရှောင်ထားရှိသည့် အိမ်ထောင်ပရိဘောဂများ ၊ ဆေးလိပ်ခုံလုပ်ငန်းသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အုန်းပင်ဆိပ်ရွာသို့ ဆက်လက် ရောက်ရှိလာပြီး မီးဖိုချောင် ၁ လုံးကိုမီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို ဝင်ရောက် မွှေနှောက်ရှာဖွေပြီး တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားသည်ဟု သိရသည်။

” စစ်ခွေးတွေက ၂ ရက်ဆက်တိုက်ကို ဝင်မွှေတာ ရွာ ၄ ရွာပေါ့။ မနေ့က သူတို့ဝင်တယ် ဆိုတာလောက်ပဲ သိရတယ်။ ရွာထဲက ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို ဒီနေ့မှ သိရတာ စစ်ခွေးတွေက မုံရွာဘက်ကို ပြန်ဆုတ်သွားပြီ ပျက်စီးဆုံးရှုံးမှုများတယ်။ ဆေးဝါးတွေလောက်ပဲ တန်ဖိုးသိရသေးတယ်။ ကျန်တဲ့ ဆုံးရှုံးမှု တန်ဖိုးတွေကတော့ မတွက်ရသေးဘူး။ စစ်ခွေးတွေ ယူသွားတာတွေကော ဖျက်ဆီးခဲ့တာတွေကော တော်တော်များတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကနီမြို့နယ် အုန်းပင်ဆိပ်ရွာသို့ ရောက်ရှိလာပြီးနောက် ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်းမှ တစ်ဆင့် ကနီမြို့နယ် နတ်လာပို့မြောက်ရွာမှ ချောဆွဲလာသောအမြန်ယာဥ် ၁ စီးဖြင့် မုံရွာ အလုံ နမခ သို့ စုန်ဆင်းသွားသည်ဟု သိရသည်။

Photo – ကနီတွင် အကြမ်းဖက် စစ်တပ် ၂ ရက်ဆက်တိုက် ဝင်ရောက် ဖျက်ဆီး မီးရှို့ခဲ့သော စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ပြည်သူပိုင် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article