ရန်ကုန်၊ စက်တင်ဘာ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်အစပ်တွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား စက်တင်ဘာလ ၈ ရက် ယနေ့နံနက် ၈ နာရီခွဲ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
လားရှိုး-မူဆယ် ကားလမ်း၊ ခိုမုန်းကျေးရွာနှင့် ဆွန်လုံကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KIA က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က အထိနာသဖြင့် နမ့်ဖတ်ကာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၁၂၃ တပ်ရင်းမှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဒေသသည် KIA အမှတ် ၆ တပ်မဟာ၊ တပ်ရင်း ၉ လှုပ်ရှားနယ်မြေတွင် တည်ရှိပြီး စစ်တပ်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက်ဆက်တိုက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုဆည်ဘောင်အနီး ကင်းပုန်းဝပ်ရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို စက်တင်ဘာလ ၇ ရက် ယမန်နေ့ ညပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း ရွှေညာမြေ PDF က သတင်းထုတ်ပြန်သည်။
“ဂွေးချိုရွာ မြောက်ဘက်မှာရှိတဲ့ ဆင်ချောင်းဆည်ဘောင်ပေါ်မှာပါ၊ ခွေးတွေက ၆ ကောင်လာတာပါ၊ ၂ ကောင်ကတော့ပွဲချင်းပီးသေဆုံးသွားပါတယ်ဗျ၊ ပြီးတော့ ရမ်းသန်း ပစ်ပါသေးတယ်ဗျ” ဟု ရွှေညာမြေ PDF တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ကို Shwe Nyar Myae(PDF)၊ KING COBRA People’s Defense Force(PDF)၊ Urban Underground Revolution Force(UURF)၊ Yesagyo Revolution Group (YRG) ပူးပေါင်းမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ အချိန်မရွေး ဆက်ဖြစ်နိုင်သည်ဖြစ်၍ ပြည်သူများ ဂရုစိုက် သွားလာကြရန် တိုက်တွန်းထုတ်ပြန်ထားသည်။
ဓါတ်ပုံ – KIA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)
Photo – AFP