ရန်ကုန်၊ ၂၁ စက်တင်ဘာ
ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကွက်မျက်ခဲ့ပြီးနောက် ဂျပန်နိုင်ငံတွင် လက်ရှိပို့ချပေးနေသည့် စစ်ဘက်ဆိုင်ရာသင်တန်းများအတွက် မြန်မာစစ်တပ်မှ အရာရှိနှင့် ဗိုလ်လောင်းအသစ်များကို လက်ခံတော့မည်မဟုတ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။
“လက်ရှိပုံစံအနေနဲ့ကတော့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ မသင့်တော်ဘူးလို့ ဆုံးဖြတ်ထားပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Takeshi Aoki က အင်္ဂါနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ သို့သော် ဂျပန်အမျိုးသားကာကွယ်ရေး အကယ်ဒမီနှင့် ဂျပန်ကာကွယ်ရေးဌာနများတွင် လက်ရှိလေ့ကျင့်သင်ကြားခွင့် ရရှိနေသည့် ဗိုလ်လောင်း ကိုးဦးနှင့် အရာရှိနှစ်ဦးကိုမူ အစီအစဉ်များ ပြီးဆုံးသည်အထိ လက်ခံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရသည် ကာကွယ်ရေးဝန်ကြီး၏ခွင့်ပြုချက်ဖြင့် နိုင်ငံရပ်ခြားသားများအား လေ့ကျင့်သင်ကြားခြင်းနှင့် ပညာပေးခြင်းဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များ ဥပဒေပုဒ်မ ၁၀၀ အရ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများနှင့် အရာရှိများကို လက်ခံကာ သင်တန်းများ ပေးနေခြင်းဖြစ်သည်။ ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသား ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦးကို လက်ခံခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်လည်း ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိ နှစ်ဦးအား သင်တန်းတက်ရန် ထပ်မံ လက်ခံခဲ့သည်။
“ဒါက ရှေ့တစ်လှမ်းတိုးတဲ့ ဆောင်ရွက်ချက်ဖြစ်ပေမဲ့ ဂျပန်အနေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်သင့်ပါတယ်” ဟု Human Rights Watch ၏ အာရှပရိုဂရမ်အရာရှိ Teppei Kasai က ပြောကြားခဲ့သည်။ “ဂျပန်အနေနဲ့ ဂျပန်မှာ သင်တန်းတက်ရောက်ခဲ့တဲ့ စစ်သားတွေရဲ့ တာဝန်ကျရာနေရာကို အရင်ဆုံး စုံစမ်းစစ်ဆေးပြီး တာဝန်ခံမှု ရည်ရွယ်ချက်အတွက် တွေ့ရှိချက်တွေကို ထုတ်ပြန်သင့်ပါတယ်။ တဆက်တည်းမှာပဲ ဂျပန်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဂျပန်အစိုးရသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါ အနေနဲ့ ပါဝင်ပတ်သတ်သွားနိုင်သည့် အန္တရာယ်ရှိသောကြောင့် ဂျပန်အစိုးရအနေဖြင့် လေ့ကျင့်ရေးအစီအစဉ်ကို ချက်ခြင်းရပ်ဆိုင်းသင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြောကြားခဲ့သည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကမူ ဂျပန်နိုင်ငံတွင် လေ့ကျင့်သင်ကြားထားသည့် ဗိုလ်လောင်းများနှင့် အရာရှိများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ပြီးနောက်ပိုင်း လုပ်ဆောင်သည်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနတွင် သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ခုနှစ် မတ်လအထိ ဂျပန်လေတပ်စခန်း၌ သင်တန်းတက်ရောက်ခဲ့သည့် မကွေးလေတပ်စခန်းမှ မြန်မာစစ်ကောင်စီလေတပ် ဒု-ဗိုလ်မှူးကြီး လွှမ်းမိုးနှင့်စပ်လျဥ်း၍ Human Rights Watch နှင့် Justice For Myanmar တို့မှ ပြီးခဲံသည့်မေလတွင် ပူးတွဲသုတေသနပြုခဲ့သည်။ အဆိုပါလေတပ်စခန်းသည် မကွေးတိုင်းအတွင်း မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပြင်းထန်ရက်စက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သတ်နေကြောင်း တွေ့ရသည်။ ဩဂုတ်လတွင်လည်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ထပ်မံတွေ့ရှိချက်အရ ဂျပန်စစ်သင်တန်းဆင်း တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်တင်စိုး တာဝန်ကျသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များသည် ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူသိရှင်ကြားဖြစ်ခဲ့ရသည့် ခရစ္စမတ်အကြို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် အရပ်သားများအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သတ်ခဲ့ကြောင်း တွေ့ရှိရသည်။