26 C
Yangon

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုအပေါ် ကုလလုံခြုံရေးကောင်စီက အရေးမယူမှု ဝမ်းနည်းစရာကောင်းပြီး အာဆီယံဘုံသဘောတူညီချက် ဖျက်သိမ်းသင့်ဟု မလေးရှားဝန်ကြီးချုပ် မိန့်ခွန်းပြော

Must read

ယူကရိန်းပြည်သူများကို ကူညီသကဲ့သို့ မြန်မာကို မကူညီသဖြင့် ပြည်သူများ အသေခံတိုက်ပွဲဝင်နေဟု အရှေ့တီမောသမ္မတ၏ မိန့်ခွန်းတွင် ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်အာဏာသိမ်းမှုအပေါ် လုံခြုံရေးကောင်စီက ပြင်းထန်စွာ အရေး မယူနိုင်မှုသည် အလွန် ဝမ်းနည်းစရာကောင်းပြီး မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ဖျက်သိမ်းသင့်ကြောင်း မလေးရှားဝန် ကြီး ချုပ် Ismail Sabri Yaakob က ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာသည့် အခြေအနေများကို ကုစားအဖြေရှာရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လုံလောက် ပြင်းထန်သော အရေးယူမှုများ မဆောင်ရွက်ခဲ့ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံက ဗီတိုအာဏာကို အရေးယူမှု မဖြစ်ပေါ်လာစေရန် အလွဲသုံးစားလုပ်နေကြကြောင်း ပြောဆိုသည်။

မြန်မာစစ်အစိုးရသည် သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ဘာမှလုပ်ဆောင်ခဲ့ခြင်းမရှိဘဲ အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ချုပ်ဆိုထားသော သဘောတူညီချက်ကို ဖျက်သိမ်းရန် လိုအပ်ကြောင်း ပြောကြားသည်။

သို့သော် မလေးရှားဝန်ကြီးချုပ်သည် ၎င်း၏ ၂၂ မိနစ်ကြာ မိန့်ခွန်းတွင် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏အခန်းကဏ္ဍသည် ကမ္ဘာ့ကြီးအတွက် “အကြီးမားဆုံးပြဿနာ” ဖြစ်လာနေသည်ဟု ထောက်ပြသည်။

“လုံခြုံရေးကောင်စီအနေနဲ့ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လေးနက်တဲ့ အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မလုပ်တဲ့အခါ အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ လုံခြုံရေးကောင်စီက မြန်မာ့အရေးကို အာဆီယံကို လက်လွှဲပေးခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ဗီတိုအာဏာကို မကြာခဏ အလွဲသုံးစားလုပ်လေ့ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီ မဟုတ်ဘဲ လူ့အခွင့်အရေး အခြေခံမူတွေကို ချိုးဖောက်တာ ဖြစ်တယ်။ ဒါကြောင့် ပဋိပက္ခတွေကို လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်ခုခုက ဖြေရှင်းပေးဖို့ မဖြစ်နိုင်ပါဘူး။” ဟု မလေးရှားဝန်ကြီးချုပ်က ပြောဆိုသည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှား၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်နှင့် အမေရိကန်တို့က ဗီတိုအာဏာဖြင့် အတည်ပြုနိုင်မည်မဟုတ်ပေ။ တရုတ်နှင့် ရုရှားတို့က မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုများဟန့်တားလျက်ရှိနေသည်။

“အထူးသဖြင့် မြန်မာစစ်တပ်က အာဆီယံ ‘အချက်ငါးချက် သဘောတူညီမှု’ ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှု မရှိတဲ့အတွက် မလေးရှားက စိတ်ပျက်မိပါတယ်။ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် သဘောတူညီမှုက မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မူဘောင်အသစ်ချမှတ်ဖို့၊ တိကျတဲ့အချိန်ဇယား၊ ရှင်းလင်းတဲ့ ပန်းတိုင်တွေ ပြန်လည်ချမှတ်ဖို့ လိုအပ်ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ပြောဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ကွာလာလမ်ပူတွင် နိုဝင်ဘာလတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ နိုင်ငံအပေါ် ၎င်း၏သဘောဆန္ဒငါးရပ်၏ ကံကြမ္မာကို ဆုံးဖြတ်ရန် အရှေ့တောင်အာရှအစုအဖွဲ့အား ဖိအားပေးရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

“အဲဒါက အလုပ်မဖြစ်ရင် ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ရမှာပေါ့။ နိုဝင်ဘာလအထိ မစောင့်နိုင်ပါဘူး။ အခု အဲဒါကို စပြောရမှာပါ။ အခြေခံမူအလုပ်တွေကို လုပ်ရမှ ရမှာပါ ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောဆိုသည်။

ထို့ပြင် မြန်မာပြည်သူများကို ယူကရိန်းပြည်သူများကဲ့သို့ မည်သည့်အတွက်ကြောင့် မကူညီသနည်းဟု အရှေ့တီမော သမ္မတ Mr. José Ramos-Horta က ကုလသမဂ္ဂညီလာခံတွင် မိန့်ခွန်းပြောစဉ် မေးခွန်းထုတ်လိုက်ပြီး ကူညီမှုမရ၍ မြန်မာပြည်သူများ အသက်ပေးနေရကြောင်း ထုတ်ဖော်ပြောဆိုသည်။

“မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းခံထားရတယ် သစ္စာဖောက်ခံထားရတယ်လို့ ခံစားနေကြပါတယ်။ ကမ္ဘာကြီးက ယူကရိန်းနိုင်ငံကို ခေတ်မီစစ်လက်နက် ပစ္စည်းတွေ၊ ဒုက္ခသည် အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရက်ရက်ရောရော ကူညီပေးနေတာကို မြန်မာပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။ ဘာကြောင့် မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုကျတော့ တိတ်ဆိတ်နေသလဲဆိုတာ မေးနေကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ ဆက်လက်အသေခံနေကြပါတယ်”ဟု အရှေ့တီမောနိုင်ငံ သမ္မတ Mr. José Ramos-Hortaက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ပဋိပက္ခသည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသလုံခြုံရေး တည်ငြိမ်ရေးကိုလည်း ထိခိုက်လာနိုင်ကြောင်း၊ အခြေအနေက ပိုပိုဆိုးလာနိုင်ကြောင်း အရှေ့တီမောသမ္မတ Mr. José Ramos-Horta ကပြောဆိုသည်။

ဓာတ်ပုံ-မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob နှင့် အရှေ့တီမောသမ္မတ Mr. José Ramos-Horta တို့က ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ မိန်းခွန်းပြောနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article