23 C
Yangon

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ၊ ဘုရားတောင်စခန်းနှင့် ကြာအင်းဆိပ်ကြီး၊ အဇင်းနယ်မြေ စစ်စခန်းတို့ကို KNLA တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၈၃ တပ်ရင်းတပ်စွဲထားသည့် နို့တကော (ကြာအင်းဆိပ်ကြီးမြို့နယ်) ဘုရားသုံးဆူမြို့အဝင်ရှိ ဘုရားတောင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၆ တပ်ဖွဲ့က စက်တင်ဘာလ ၂၈ ရက် ယနေ့ နံနက်၌ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။

“အခုသိမ်းတာက ဘုရားတောင်စခန်းကုန်း၊ သုံးဆူမြို့အဝင်မှာပဲ။ အဲဒီစခန်းသိမ်း တိုက်ပွဲမှာ ဘုရားသုံးဆူမှာရှိတဲ့ နဂါးတောင်ကုန်းကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တယ်။ အခုတော့ သိမ်းနိုင်ပြီပေါ့၊ လက်နက်တွေပါ ရတယ် ကြားတယ်” ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈ လှုပ်ရှားနယ်မြေအတွင်း တည်ရှိကြောင်း သိရှိရသည်။

အလားတူ KNU တပ်မဟာ ၆၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ ညနေပိုင်းတွင် KNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးက တရား ဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဓါတ်ပုံ – ဘုရားသုံးဆူမြို့တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article