ရန်ကုန်၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် အောက်တိုဘာလ ၄ ရက်နေ့မှစတင်ပြီး နေ့စဉ် ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး ယနေ့ တွင် စစ်တပ်က တိုက်လေယာဉ် ၃ စီးဖြင့် ပစ်ခတ်သဖြင့် ကျေးရွာနှင့် လူနေအိမ်အများအပြား မီးလောင်နေကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အောက်တိုဘာလ ၄ ရက်နေ့တွင် ဗန်းမောက်မြို့နယ်ရှိ မြို့မရဲစခန်းကို PDF နှင့် KIA ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ပြီးနောက် ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ အထိနာနေသဖြင့် တိုက်လေယာဉ်များ အသုံးပြု ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ဒေသခံ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင်ခြင်း၊ ကျေးရွာများ ပျက်စီးမှုများ များပြားနေကြောင်း သိရှိရသည်။
အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်မှစတင်၍ ဗန်းမောက်မြို့နယ် စီးမော်-တောင်ကြီးရွာတစ်ဝိုက်ကိုလည်းကောင်း ၊ မြကျွန်းသာရွာအနီးတစ်၀ိုက်ကိုလည်းကောင်း ၊ ကျောက်အိုက်အနီးကိုလည်းကောင်း စစ်တပ်တိုက်လေယာဉ် ၃ စီးဖြင့် အဆက်မပြတ်ပစ်ခတ်လျက်ရှိသဖြင့် ကျေးရွာများ မီးလောင်နေကြောင်း သိရှိရသည်။
“သတင်းတွေ မထုတ်ပြန်ဘဲ ဗန်းမောက် ကန့်ဘလူဘက်မှာ တိုက်ပွဲတွေ အရမ်းကို ပြင်းထန်နေတယ်။ ဗန်းမောက် ရဲစခန်းကို ဒီဘက်က ဝင်တိုက်တယ်။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေ တိုက်လေယာဉ်တွေနဲ့ ကျေးရွာတွေနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထားပြီး ပြန်တိုက်ခိုက်နေတယ်” ဟု ဒေသခံသတင်းဦးကဆိုသည်။
ဒေသသတင်းရင်းမြစ်တစ်ခုကမူ ဗန်းမောက်မြို့နယ်တွင် စစ်တပ်က မြေပြင်စိုးမိုးနိုင်မှုမရှိတော့သဖြင့် လေကြောင်း အကူအညီကို အဓိက သုံးနေရသည်ဟုဆိုသည်။