31 C
Yangon

မန္တလေး၊ မွန်နှင့် စစ်ကိုင်းတို့တွင် စစ်တပ်နှင့်သက်ဆိုင်သော နေရာများ ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ထိခိုက် မှုများရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့်ပတ်သက်သော နေရာများကို ဗုံး ဖောက်ခွဲ၊ ပစ်ခတ် တိုက်ခိုက်မှုများ ရှိပြီး ထိခိုက် ဒဏ်ရာ ရရှိမှုတချို့ ရှိကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့ပေါ်တွင် ဗုံးပေါက် ထိခိုက်မှုများရှိ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ အထက ၂ ကျောင်းရှေ့တွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း KPG Update Newsက သတင်းဖော်ပြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အထက ၂ ကျောင်းရှေ့တွင် ပိတ်၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုသည် PDF များလက်ချက်မဟုတ်ကြောင်း၊ ပြည်သူတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရကြောင်း KPG Update Newsက ဆိုသည်။

ရေးမြို့ စစ်တပ် စစ်ဆေးရေး ဂိတ်စခန်း ပစ်ခတ်ခံရပြီး ၃ ဦး ထိခိုက် ဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို MSRO တပ်ဖွဲ့က ၄၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို မွန်ပြည်နယ် အခြေပြု တော်လှန်ရေးတပ်ဖွဲ့ (MSRO)က ၄၀ မမ လောင်ချာများဖြင့် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ လူနာတင်ယာဥ်နှင့် လာရောက်သယ်ယူသွားကာ သေဆုံးခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ကျွန်းလှမြို့ ဆင်စွယ်ရဲကင်းစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ ထိခိုက် ဒဏ်ရာ ရရှိမှုများရှိ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဆင်စွယ် ရဲကင်းစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆင်စွယ် ရဲကင်းစခန်းကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁၆) ရွှေဘို နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁) တပ်ခွဲ (၄) ကန့်ဘလူခရိုင်တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ရဲကင်းစခန်းကို ၄၀ မမ ဗုံးသီး ၁ လုံး၊ လက်လုပ် ဗုံးသီး ၁ လုံးဆို့ကို Drone ဖြင့် ချိတ်ဆွဲကာ ပျူစောထီးနှင့် စစ်သားများ နားနေသော သစ်ပင်ရိပ်အောက် တည့်တည့်ကို ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် စစ်ကောင်စီ လှည့်ကင်းကားမိုင်းဆွဲ တိုက်ခိုက်ခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ကင်းလှည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း လွဲချော်ခဲ့ကြောင်း GZP မြို့ပြ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့် DC ကားတွင် စစ်ကောင်စီ တပ်သား ၈ ဦးပါဝင်ပြီး ၆၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် Generation Z Power (Mandalay) မြို့ပြပြောက်ကျား တပ်ဖွဲ့က ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း DC ကားပေါ်တွင် ဖောက်ခွဲရေး ဖောက်ခွဲရေး ပိတ်ဆို့နိုင်သည့် စက်ကိရိယာများ ပါဝင်သောကြောင့် ဖောက်ခွဲတိုက်ခိုက်မှု လွဲချော်ခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သောကြာင့် အနူးအညွတ် တောင်းပန်အပ်ကြောင်း GZP တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မန္တလေးတွင် ကင်းချထားသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article