By Eitay Mack
အစ္စရေးနိုင်ငံသည် မြန်မာနိုင်ငံမှ စစ်အစိုးရအစဉ်အဆက်ကို ဆယ်စုနှစ်များနှင့်ချီ၍ လက်နက်တပ်ဆင် လေ့ကျင့်သင်တန်းပေးပြီး အင်အားအခိုင်အမာ တည်ဆောက်ပေးခဲ့ကြောင်း မကြာသေးမီက လျှို့ဝှက်အဆင့်မှ လျှော့ချလိုက်သည့် အစိုးရမှတ်တမ်းများတွင် တွေ့ရှိရသည်။
ပြည်တွင်းစစ်လူသတ်ပွဲလား၊ နှိပ်စက်မှုလား၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလား စသည်ဖြင့် မည်သည့်အရာများ ဖြစ်ပေါ်နေပါစေ အစ္စရေးနိုင်ငံအတွက်မူ မြန်မာသည် ပူးပေါင်းဆောင်ရွက်ရန် ရေခံမြေခံကောင်းသော နိုင်ငံတစ်ခု ဖြစ်နေသည်။
.=========================
၂၀၁၇ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်း၌ ကမ္ဘာတစ်လွှားမီဒီယာအားလုံးပေါ်တွင် ဖုံးလွှမ်းသွားသည့် သတင်းများမှာ အလွန်ပင်စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သည်။ သတင်းစာမျက်နှာများတွင် လူသတ်မှု၊ မုဒိန်းမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ ကလေးသူငယ်များကို အကြမ်းဖက်မှုနှင့် ကျေးရွာတစ်ရွာလုံး ဖျက်ဆီးခံရမှု သတင်းများနှင့် ပြည့်နှက်နေသည်။
မြန်မာနိုင်ငံမှ လူနည်းစုမွတ်ဆလင် အသိုင်းအဝိုင်းဖြစ်သော ရိုဟင်ဂျာလူမျိုးများသည် တိုင်းပြည်မှ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ကြရသည်။ “လူမျိုးသုဉ်း သတ်ဖြတ်မှုနမူနာအဖြစ် အတိအကျ သတ်မှတ်နိုင်သောဖြစ်စဉ်” ဟု ကုလသမဂ္ဂက ရည်ညွှန်းပြောဆိုခဲ့သည့် အဆိုပါရက်စက်မှုများကို အစ္စရေးသတင်း မီဒီယာများကလည်း ဖော်ပြခဲ့သည်။
သို့သော် အထက်ပါမည်သည့်ဖြစ်ရပ်ကမျှ အစ္စရေးအား မြန်မာနိုင်ငံသို့ ခေတ်မီလက်နက်များ ဆက်လက်ရောင်းချနေခြင်းမှ ရပ်တန့်သွားစေနိုင်ခြင်း မရှိခဲ့ပေ။ လက်တွေ့အားဖြင့် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့လက်နက်ရောင်းချမှုကို ရပ်တန့်ရန် ဦးတိုက်လျှောက်ထား တောင်းဆိုမှုတစ်ရပ်ကို ဂျေရုဆလင်ရှိ တရားရုံးချုပ်က လက်ခံကြားနာခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ခဲ့သော်လည်း အစ္စရေးကမူ အလားတူ ပိတ်ပင်ကြောင်း ကြေညာရန် ငြင်းဆိုသည်။ သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပါရှိလာပြီး အများပြည်သူ၏ ဖိအားမြင့်မားလာသည့် အချိန်ကျမှသာ အစ္စရေးက မြန်မာနိုင်ငံသို့ လုံခြုံရေးပစ္စည်းများတင်ပို့နေမှုကို ၂၀၁၈ ခုနှစ်အစပိုင်းတွင် ရပ်ဆိုင်းခဲ့သည်။
ထိုသို့ရပ်ဆိုင်းမှုမှာ အလွန်ထူးခြားသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ သို့သော် မည်မျှအထိ ထူးခြားသလဲ ဆိုသည့်အချက်ကိုမူ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာပေးစာယူ မှတ်တမ်းများကို ဖတ်ရှုရသည့်အခါမှသာ ရှင်းရှင်းလင်းလင်း သိလာကြရသည်။
မကြာသေးမီက လျှို့ဝှက်အဆင့်မှလျှော့ချ၍ အများပြည်သူ ဖတ်ရှုဆန်းစစ်နိုင်ရန် ထုတ်ပြန်လိုက်သော အစိုးရမော်ကွန်းဌာန၏ စာမျက်နှာပေါင်း ၂၅,၀၀၀ခန့်အရ မြန်မာနိုင်ငံနှင့် စစ်ဖက်ဆက်ဆံရေးကို ၁၉၅၀ ပြည့်လွန်နှစ်များမှသည် ၁၉၈၀ ပြည့်လွန်နှစ်များအထိ အစ္စရေးက ထိန်းသိမ်းထားခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်။
မျက်မှောက်အချိန်နှင့် ပိုနီးသောစာရွက်စာတမ်းများကိုမူ လျှို့ဝှက်အဖြစ် ဆက်လက်သတ်မှတ်ထားဆဲ ဖြစ်သည်။ ယခုထုတ်ပြန်ခဲ့သော မှတ်တမ်းများအရ အဆိုးသံသရာ ရှည်ကြာနေသော ပြည်တွင်းစစ်သာမက စစ်အစိုးရ၊ စစ်တပ်၏ အကျင့်ပျက်ခြစားမှုနှင့် အကြမ်းဖက်မှုများ ရှိနေလင့်ကစား မြန်မာကို အစ္စရေးနိုင်ငံအတွက် သံတမန်အခွင့်အလမ်း ဖြစ်သည့်အပြင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်လက်နက်ပစ္စည်း စက်မှုလုပ်ငန်းများအတွက် စီးပွားရေးအခွင့်အလမ်း တစ်ခုအဖြစ် အစ္စရေးအစိုးရအဆက်ဆက်က ရှုမြင်သုံးသပ်ခဲ့ကြောင်း တွေ့ရှိရသည်။
ဘားမားခေတ်မှသည် မြန်မာခေတ်အထိ တိုင်းပြည်၏ ဖြစ်တည်မှုအများစုတွင် လူသေစေနိုင်လောက်သော ရက်စက်မှုများဖြင့်အုပ်စိုးခဲ့သည့် မြန်မာစစ်တပ် တည်ထောင်ဖွဲ့စည်းမှုတွင် အစ္စရေးက အဓိကအခန်းကဏ္ဍက ပါဝင်နေခဲ့ကြောင်းဖတ်ရှုရသည်။
မြန်မာစစ်တပ်ကို ခေတ်မီတပ်ဖွဲ့ ဖြစ်လာအောင် ပြန်လည်စုစည်း တည်ထောင်ခြင်းနှင့် လက်နက်တပ်ဆင် လေ့ကျင့်သင်တန်းပေးခြင်းတို့တွင် အစ္စရေးက ကူညီခဲ့သလို စစ်တပ်၏ စစ်အင်အားခိုင်မာ တောင့်တင်းလာရေးနှင့် တိုင်းပြည်အတွင်း၌ အင်အားအကောင်းဆုံး တပ်ဖွဲ့အဖြစ် အသေအချာ ခြေကုပ်ယူနိုင်ရေးတို့တွင်လည်း အစ္စရေး၏ လက်စလက်န အများအပြား ပါဝင်ခဲ့သည်။
အစကနဦး၌ အစ္စရေးက ကူညီပေးသည့် စွမ်းအားများကြောင့် မြန်မာစစ်တပ်အနေဖြင့် တိုင်းပြည်ကို ကန့်လန့်ကာနောက်ကွယ်မှ စီမံအုပ်ချုပ်နိုင်ခဲ့ကာ နောက်ပိုင်းတွင် အရပ်သားခေါင်းဆောင်ကို ဖယ်ရှား၍ စစ်အစိုးရမူကွဲအမျိုးမျိုးကို ပုံစံသွင်းတည်ထောင် အုပ်ချုပ်နိုင်စေခဲ့သည်။
စစ်ရေးအကူအညီများကို ပြည်ပရန်သူများအား ခုခံကာကွယ်ရေး၌ အသုံးမပြုဘဲ တိုင်းပြည်တွင်း မှီတင်းနေထိုင်သူများအပေါ် တိုက်ခိုက်ရာ၌ အသုံးပြုနေခြင်းကို အစ္စရေးအစိုးရ အဆက်ဆက်က စိတ်ဝင်စားခြင်းမရှိပေ။
နှစ်ပေါင်း ၃၀ ကြာ နှစ်နိုင်ငံဆက်ဆံရေးကို ဖော်ပြသည့် အဆိုပါ ထောင်ပေါင်းများစွာသော စာမျက်နှာများတစ်လျှောက် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောဆိုဖူးသည့် အစ္စရေးအစိုးရဟူ၍ တစ်ခုမျှပင် ပေါ်ထွန်းခဲ့ခြင်းခြင်း မရှိပေ။
မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးထံမှ ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလက ပေးပို့သောကြေးနန်းစာတွင် ၁၉၄၉ ခုနှစ်ကတည်းက ကောင်းမွန်လာခဲ့သော နှစ်နိုင်ငံအကြားဆက်ဆံရေး၏ အနှစ်သာရကို အကျဉ်းချုပ်ဖော်ပြထားသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ၍ ကုလသမဂ္ဂတွင် အစ္စရေးဘက်မှ ထောက်ခံပြီး မဲပေးရန်စည်းရုံးခဲ့ကြောင်း အစ္စရေးသံအမတ်ကြီး Kalman Anner က နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာရှဌာနခွဲ ညွှန်ကြားရေးမှူးထံ သတင်းပို့သည်။
“ဘာမှ မယ်မယ်ရရမပြောရသေးခင် ယင်းကိစ္စ၌ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြောင်း သူကပြောဖို့ကြိုးစားသည်။ ထိုအခါ နိုင်ငံတကာဥပဒေ၊ အထူးသဖြင့် ဤအချက်[ဥပဒေ ပြဋ္ဌာန်းချက်]သည် ဘုရားသခင်၏ အမိန့်ဒီကရီ မဟုတ်ဘဲ လူတိုင်းက ၎င်းတို့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ပြဋ္ဌာန်းကြခြင်းသာဖြစ်သည်ဟု ၎င်းကိုရှင်းပြ၍ ကျွန်တော်က စည်းရုံးလိုက်သည်။ ကျွန်တော့်စကားကို သူဂရုတစိုက် မှတ်သားသွားပုံရသည်” ဟု Anner က ရေးသားထားသည်။
ငြင်းဆိုရန် အကြောင်းမရှိ
အစ္စရေးထက် ငါးလစော၍ ဗြတိသျှထံမှ လွတ်လပ်ရေးရရှိခဲ့သော မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် အစ္စရေးကို လျင်လျင်မြန်မြန်ပင် အသိအမှတ်ပြုခဲ့သည်။ အပြန်အလှန် သွားရောက်လည်ပတ်မှုများ အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၅၀ ပြည့်လွန် ကနဦးနှစ်များ၌ စတင်ဖြစ်ထွန်းလာသည်။
“အစ္စရေးသည် မြန်မာနိုင်ငံအတွက် အရင်းနှီးဆုံး မိတ်ဆွေနိုင်ငံတစ်ခုဖြစ်သလို မြန်မာသည်လည်း အစ္စရေးနိုင်ငံအတွက် အလွန့်ကို ရင်းနှီးခင်မင်ရသည့် မိတ်ဆွေနိုင်ငံတစ်ခု ဖြစ်ပါသည်” ဟု ဝန်ကြီးချုပ် ဦးနု၏ အတွင်းဝန်ချုပ်နှင့် ၁၉၅၅ ခုနှစ်ကတွေ့ဆုံခဲ့မှုအကြောင်း အစ္စရေးသံရုံးဝန်ထမ်းတစ်ဦးဖြစ်သူ Mordechai Gazit က အစီရင်ခံစာရေးသားတင်ပြသည်။
“ကုလသမဂ္ဂစင်မြင့်ထက်၌ မိမိတို့ နှစ်နိုင်ငံသည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နေကြောင်း (အတွင်းဝန်ချုပ်က) မှတ်ချက်ပြုသည်။ နှစ်နိုင်ငံအကြား ဤရင်းနှီးခင်မင်မှုသည် မည်သည့်နေရာမှ မြစ်ဖျားခံခဲ့သည်ကို ရှင်းပြရာ၌ အာရှတိုက်တွင် အစ္စရေးနှင့် မြန်မာနှစ်နိုင်ငံတည်းသာ ဆိုရှယ်လစ်နိုင်ငံများ ဖြစ်သည့်အချက်ကို ၎င်းက ထောက်ပြသည်” ဟု ရေးသားထားသည်။
သို့သော် အမှန်စင်စစ်အားဖြင့် အဆိုပါဆက်ဆံရေးကောင်းများ၏ အဓိကအကြောင်းရင်းမှာ ဆိုရှယ်လစ် သွေးစည်းညီညွတ်မှု မဟုတ်ဘဲ အစ္စရေး၏စစ်ရေး အကူအညီပေးနေမှုများသာ ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် စတင်နေပြီဖြစ်ကာ ပုန်ကန်မှုများကို နှိမ်နှင်းရေးနှင့် အမှီအခိုကင်းသော စစ်ဘက်စက်မှုလုပ်ငန်းများ ထူထောင်ရေးအတွက် ရန်ကုန်က အစ္စရေးထံမှ အကူအညီများ တောင်းခံခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှ အခြေအနေကို အစ္စရေးက ကောင်းစွာသတိပြုမိသလို စစ်ရေးအကူအညီမှာ မည်သည့်အတွက်ဖြစ်သည်ကိုလည်း ၎င်းတို့ အသေအချာ သဘောပေါက် နားလည်ထားသည်။ မြန်မာ့ပြည်တွင်းစစ်တွင် ယနေ့အထိ လူသုံးသောင်းသေဆုံးခဲ့ပြီးဖြစ်ကာ “အစိုးရဘတ်ဂျက်၏ ၅၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် ခွဲဝေသုံးစွဲ နေရကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ကြီးချုပ် David Ben-Gurion ထံသို့ ၁၉၅၂ ခုနှစ် စက်တင်ဘာက ပေးပိုသည့်ကြေးနန်းစာတွင် ဖော်ပြထားသည်။
အစ္စရေးက မြန်မာကို ရွှေဖြစ်မည့်အခွင့်အလမ်း ဟု နားလည်ခဲ့သည်။ “မြန်မာသည် အာရှတိုက်၌ အစ္စရေး၏ သစ္စာအရှိဆုံး မိတ်ဆွေနိုင်ငံဖြစ်ပြီး အစ္စရေးစစ်တပ်နှင့် မြန်မာစစ်တပ်အကြား ဆက်ဆံရေးသည် အလွန်ပင် အရေးကြီးသည်။
ယုတ်စွအဆုံး သံတမန်ရေးအရ အလွန်ပင်အရေးပါနေသည်။ လက်ရှိ အစ္စရေးနှင့်မြန်မာအကြား ဆက်ဆံရေး အခြေအနေအရ မြန်မာစစ်တပ်၏ မေတ္တာရပ်ခံလာမှုကို လက်တွေ့အားဖြင့် ငြင်းပယ်ရန် မဖြစ်နိုင်ကြောင်း ကျွန်တော်အခိုင်အမာပြောဆိုပါသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Walter Eytan က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Moshe Dayanထံ ၁၉၅၄ ခုနှစ်၊ မတ်လက စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။
၁၉၅၅ ခုနှစ်တွင် နှစ်နိုင်ငံအကြား “ဆန်စပါးသဘောတူညီချက်”ကို ချုပ်ဆိုခဲ့သည်။ ထိုသဘောတူညီချက်အရ အစ္စရေးက မြန်မာစစ်တပ်ကို လက်နက်အကြီးအကျယ် တပ်ဆင်၍ လေ့ကျင့်သင်ကြားပေးပြီး အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံမှ နှစ်စဉ် ဆန်တန်ချိန် ထောင်ပေါင်းများစွာ ပြန်လည်တင်ပို့ပေးရမည် ဖြစ်သည်။
အပြန်အလှန်ပေးစာများတွင် သဘောတူညီချက်ပါအချက်များကို အသေးစိတ်ဖော်ပြထားရာ၌ တိုက်လေယာဉ်အစီး ၃၀၊ သိန်းနှင့်ချီသော လက်နက်ခဲယမ်း ကျည်ကပ်များ၊ ဓာတ်ဆီဗုံး ၁,၅၀၀၊ ရိုင်ဖယ်ပြောင်း ၃၀,၀၀၀၊ ထောင်နှင့်ချီသော မော်တာအမြောက်ကျည်များအပြင် ကင်းတပ်ဖွဲ့အတွက် အမိုးအကာတဲများနှင့် လေထီးများအထိ အခြားစစ်လက်နက်ပစ္စည်း အမြောက်အများ ပါဝင်နေသည်။
ထို့အပြင် အစ္စရေးကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကို မြန်မာနိုင်ငံသို့ စေလွှတ်၍ သင်တန်းများပို့ချပေးခဲ့သလို မြန်မာစစ်တပ်အရာရှိများကိုလည်း အစ္စရေးကာကွယ်ရေးတပ်၏ စစ်စခန်းများသို့ခေါ်ယူ၍ လေထီးစစ်သည်သင်တန်း၊ လက်နက်ခဲယမ်းအရာရှိသင်တန်း၊ မြန်မာတိုက် လေယာဉ်မှူးများအတွက် သင်တန်းစသည့် အပြည့်အဝလေ့ကျင့်မှုများကို လပေါင်းများစွာ သင်ကြား ပို့ချပေးခဲ့သည်။ စစ်တပ်နှင့် ပူးပေါင်း၍ အစ္စရေးတို့က မြန်မာနိုင်ငံတွင် ကုန်စည်ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီများကိုလည်း တည်ထောင်ခဲ့ကြသည်။
“ကျွန်တော်တို့ထံမှ ကြီးမားသည့် အကူအညီများရရှိခဲ့ကြောင်း မြန်မာအရာရှိများက မကြာခဏ ထုတ်ဖော်ပြောဆိုကြသည်။သူပုန်များကို တိုက်ခိုက်ရန် ၎င်းတို့လိုအပ်နေသည့်အချိန်မှာပင် ပစ္စည်းများ အချိန်မီရောက်ရှိလာကြောင်း ဆိုသည်။ အစ္စရေးစစ်လက်နက်စက်ရုံများ၏ ထုတ်ကုန်များ၌ ချွတ်ယွင်းချက် လုံးဝမရှိမှုကို ၎င်းတို့က မဆိုင်းမတွ ချီးကျူးကြသည်။
မြန်မာနိုင်ငံ၌ အလုပ်လုပ်ခဲ့သော အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ဝင်အားလုံးမှာ ချီးကျူးဂုဏ်ပြုခံကြရပါသည်” ဟု ရန်ကုန်မှ အစ္စရေး သံတမန် Shalom Levin က ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Shimon Peres ထံသို့ ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာလက စာရေးသားပေးပို့ခဲ့သည်။
လေကြောင်းနှင့်မြေပြင်တိုက်ခိုက်ရေးသင်တန်းကျောင်းတစ်ခုကို အစ္စရေးက မြန်မာနိုင်ငံ၌ တည်ထောင်ခဲ့ပြီး အစ္စရေးစစ်တပ်၏ တည်ဆောက်ပုံကို အခြေခံ၍ မြန်မာတို့က ၎င်းတို့၏ ပုံမှန် တပ်ရင်းတပ်မများဖွဲ့စည်းပုံနှင့် အရန်တပ်ထားရှိပုံများကို အစ္စရေးအကူအညီရယူကာ ရေးဆွဲဖွဲ့စည်း ခဲ့သည်။
“အစ္စရေးစစ်တပ်၏ နည်းစနစ်များ” ကို လေ့လာရန် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ အစ္စရေးသို့ လာရောက်သည့် အကြောင်းအရာ အသေးစိတ်ကို အရှေ့အာရှဒေသ အစ္စရေးသံအဖွဲ့များထံ ပေးပို့သည့် ကြေးနန်းစာ အမြောက်အများ၌ ဖော်ပြထားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် တပ်သားသစ် စုဆောင်းလေ့ကျင့်ရေး အခြေစိုက်စခန်း၊ အစ္စရေးစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများ၊ စစ်ဖက်စီမံခန့်ခွဲရေးနှင့် တပ်သားသစ်စုဆောင်းမှုဆိုင်ရာ လေ့ကျင့်ရေးစခန်းများ၊ ဗဟိုဌာနချုပ်၊ ခြေလျင်တပ်ရင်းတစ်ခုနှင့် အမြောက်တပ်တို့ကို သွားရောက်လေ့လာခဲ့သည်။
ထို့အပြင် စစ်ဦးစီးအရာရှိများကို စေလွှတ်၍ အစ္စရေး၌ စစ်ရေးအတွက် လူအင်အားစုရုံးမှု အကြောင်းအရာ၊ စစ်ရေးပြင်ဆင်မှု နည်းလမ်းများ၊ ကာကွယ်ရေးတာဝန် ထမ်းဆောင်မှုဥပဒေ (စစ်မှုမထမ်းမနေရဥပဒေ)နှင့် အလားတူ ကိစ္စရပ်များကို လေ့လာသင်ကြားစေခဲ့သည်။
၁၉၅၈ ခုနှစ်၌ နက်ရှိုင်းသောနိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းအပြင် ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီး ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်နောက်ခံ အခြေအနေများ၌ မြန်မာအစိုးရ ပြိုလဲသွားပြီး စစ်တပ်က အပြည့် အဝချုပ်ကိုင်ထားသော ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သည့် စစ်အစိုးရ အာဏာရလာသည်။
“စစ်တပ်သည် လူမှုဘဝကဏ္ဍအများအပြားကို ထိန်းချုပ်လျက်ရှိသည်။ အရေးပေါ်ဥပဒေ ပြဋ္ဌာန်းချက်များကြောင့် လွတ်လပ်စွာရေးသားခွင့်ကို ကန့်သတ်ထားသဖြင့် သတင်းစာများကိုလည်းထိခိုက်နေသည်။ သူပုန်အဖွဲ့များနှင့် အဆက်အသွယ်ရှိသော လက်ဝဲအုပ်စုခေါင်းဆောင် အမြောက်အများကို ဖမ်းဆီးလျက်ရှိသည်” ဟု ရန်ကုန်ရှိ အစ္စရေးသံရုံးမှ ဒုတိယအတွင်းဝန် Zvi Kedar ၏ ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလက ပေးပို့သော ကြေးနန်းစာတစ်စောင်၌ ဖော်ပြထားသည်။
သို့ရာတွင် ဗိုလ်ချုပ်ကြီးတစ်ဦးက အစိုးရကိုထိန်းချုပ်လိုက်ခြင်း၏ အကျိုးကျေးဇူးများကို အစ္စရေးက သိရှိခဲ့သည်။ “မကြာသေးမီနှစ်များက မြန်မာနိုင်ငံတွင် ပြည်တွင်းအကျပ်အတည်း အများအပြား ပေါ်ပေါက်ခဲ့သော်လည်း အစ္စရေး-မြန်မာ ချစ်ကြည်ရင်းနှီးမှုသည် ဆက်လက်ခိုင်မြဲနေပြီး ယမန်နှစ်အတွင်း အစိုးရက စစ်တပ်လက်ထဲသို့ အာဏာလွှဲအပ်ခဲ့သဖြင့် အဆိုပါရင်းနှီးမှုမှာ ပို၍ပင်ခိုင်မာအား ကောင်းလာခဲ့သည်။
အစ္စရေး၏ အခိုင်မာဆုံးမိတ်ဆွေများသည် အဓိကအားဖြင့် စစ်တပ်အသိုင်းအဝိုင်းမှ ဖြစ်သည်” ဟု ၁၉၅၉ ခုနှစ်၊ ဇွန်လက ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးဌာန၏ လေ့လာမှုစာတမ်း တစ်ခုက ဆိုသည်။
ထိုလက ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် အစ္စရေးသို့ လာရောက်လည်ပတ်ခဲ့သည်။ ၎င်းသည် ဝန်ကြီးချုပ် Ben Gurion အပြင် စစ်ဦးစီးချုပ်၊ ရဲချုပ်၊ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးများ စသည်တို့နှင့် တွေ့ဆုံခဲ့ကာ စစ်အခြေစိုက်စခန်းများကိုလည်း သွားရောက်လေ့လာခဲ့ပြီး အူဇီစက်သေနတ်အလက် ၁၀၀ ခန့်ကို လက်ဆောင်အဖြစ် လက်ခံရရှိခဲ့သည်။
မြန်မာနိုင်ငံ၌ အစ္စရေး၏ပါဝင်ပတ်သက်မှုတွင် စစ်ရေးအကူအညီနှင့်အပြိုင် ထူးခြားဆန်းပြားသော အခြားဖြစ်ရပ်တစ်ခုလည်း ရှိခဲ့သည်။ အစ္စရေး၏ မြေယာအခြေချမှု အစီအစဉ်များကို မြန်မာတို့က လေးစားအားကျခဲ့ပုံရပြီး အစ္စရေးစစ်တပ်မှ နာဟာတပ်ရင်း ကင်းစခန်းများ၏ ပုံစံအတိုင်း တိုင်းရင်းသား လူနည်းစုသူပုန်များ နေထိုင်ရာဒေသ၌ စစ်ဘက်ပုဂ္ဂိုလ်များကို အခြေချနေထိုင်စေရန် ကြိုးပမ်းခဲ့သည်။
“အစ္စရေး Lachish ခရိုင်စီမံကိန်းအရ အစ္စရေးသမဝါယမလုပ်သားများ၏ moshav ကျေးရွာပုံစံအတိုင်း မြန်မာနိုင်ငံတွင် အဓိကအခြေချသူအုပ်စုအဖြစ် စစ်မှုထမ်းဟောင်းများဖြင့် အလားတူ အခြေချနေထိုင်မှု များ တည်ထောင်ရန် စီစဉ်နေကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ ဌာနခွဲ၏ ၁၉၅၉ ခုနှစ်၊ ဇွန်လ စစ်တမ်းတစ်ခုတွင် ရေးသားထားသည်။
ထိုအစီအစဉ်မူဘောင်အတွင်း ဗဟိုအစိုးရကို တော်လှန် တိုက်ခိုက်နေသည့် လူနည်းစု ရှမ်းတိုင်းရင်းသားများနေထိုင်ရာ နန့်စန်ခရိုင်၏ အချက်အချာနေရာတွင် ကွင်းဆင်းဆောင်ရွက်ရန် အစ္စရေစိုက်ပျိုးရေး ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။
သို့သော် ယင်းစီမံကိန်းကို ကျူးကျော်ရန်ကြိုးပမ်းမှုအဖြစ် ဒေသခံများက ရှုမြင်ပြီး အပြင်းအထန် ဆန့်ကျင်ကြကြောင်း အချိန်တို့အတွင်းမှာပင် ထင်ရှားလာသည်။ “မြန်မာအခြေချမှုဖြစ်စေ၊ အစ္စရေး အခြေချမှုဖြစ်စေ၊ အဆိုပါစီမံကိန်းကို ရှမ်းပြည်နယ်က လုံးဝအလိုမရှိဘဲ ၎င်းသည် နှစ်နိုင်ငံ၏ပူးတွဲ စီမံကိန်းမဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်သည်။
ဒေသအများစုတွင် လူနေထိုင်မှုမရှိသော မြန်မာနိုင်ငံ၌ တောအုပ်တစ်ခုဟု ယူဆထားသောဒေသတွင် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အခြား လူတစ်ဦး၏ ခြေထောက်အပေါ် တက်နင်းမိသကဲ့သို့ ပြဿနာဖြစ်နေသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Daniel Levin က ၁၉၅၈ က ရေးသားခဲ့သည်။ မည်သို့ပင်ဆိုစေ အဆိုပါစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်ခဲ့သလို တိုးချဲ့ဆောင်ရွက်မှုများပင် ပြုလုပ်ခဲ့သည်။
ဘုန်းကြီးများကို ပစ်ခတ်ခြင်း
၁၉၆၀ ပြည့်နှစ် ဧပြီလတွင် ဦးနုသည် ဝန်ကြီးချုပ်ရာထူး ပြန်လည်ရရှိလာသော်လည်း ထိုသို့တာဝန်ထမ်း ဆောင်မှုမှာ များစွာမကြာမြင့်ခဲ့ပေ။ “ယနေ့ညနေ၌ စစ်တပ်က အာဏာသိမ်းလိုက်သည်။ အတည်မပြုနိုင်သည့် သတင်းများအရ ဝန်ကြီးချုပ်မှအပ ကျန်ဝန်ကြီးများ၊ ပညာရေးနှင့် ဘဏ္ဍာရေးဝန်ကြီးများကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသည်ဟု သိရသည်။
လေကြောင်း ခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားသည်။ မြို့တော်၏လမ်းများ အားလုံးတွင် စစ်တပ်က ကင်းလှည့်နေသည်။ လုံးဝကို တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်” ဟု ဂျေရုဆလင်သို့ ၁၉၆၂ ခုနှစ်၊ မတ်လကပေးပို့သည့် မြန်မာနိုင်ငံရှိ အစ္စရေးသံရုံး၏ ကြေးနန်းတွင် ရေးသားထားသည်။
အာဏာသိမ်းမှုကို သံရုံးဝန်ထမ်းများက အံ့ဩတကြီးမဖြစ်ခဲ့ကြပေ။ အာဏာသိမ်းသည့်နေ့ မတိုင်မီ ရက်အနည်းငယ်က သံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာသိမ်းမှု ဖြစ်ပွားနိုင်ကြောင်း သတိပေးခဲ့ပြီး ၎င်းအနေဖြင့် “ဆူပူသောင်းကျန်းသည့် ဘုန်းကြီးများကို ပစ်ခတ်နှိမ်နှင်းရန် အဆင်သင့်ဖြစ်နေကြောင်း” အသိပေးခဲ့သည်။
ဤတစ်ကြိမ်ဖြစ်ရပ်ကလည်း အစ္စရေးကို ရပ်တန့်တုံ့ဆိုင်းသွားစေခြင်း မရှိခဲ့ပေ။ အာဏာသိမ်းပြီး သုံးလအကြာတွင် အစ္စရေး ဒုတိယကာကွယ်ရေးဝန်ကြီး Shimon Peres သည် စစ်အစိုးရ ခေါင်းဆောင်များနှင့်တွေ့ဆုံရန် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်။
“ဗိုလ်ချုပ်ကြီးက ဆုံးဖြတ်သည့် ကိစ္စရပ်တိုင်းတွင် မည်သည့်နည်းလမ်းဖြင့်မဆို ယခင်ကအတိုင်း အကူအညီပေးရန် အစ္စရေးက စိတ်ဝင်စားကြောင်း ဝန်ကြီးချုပ်၏အမည်ကိုသုံး၍ မစ္စတာ Peres က ပြောကြားခဲ့သည်” ဟု အစည်းအဝေး မှတ်တမ်းတစ်ခုတွင် ဖော်ပြသည်။
နိုင်ငံတကာဆွေးနွေးပွဲများ၌ မြန်မာနိုင်ငံက အစ္စရေးကို ထောက်ခံခြင်းအတွက် အစ္စရေးက လက်နက်ပေးအပ်သည့် လုပ်ရိုးလုပ်စဉ်အစဉ်အလာကို အစ္စရေးက ပိုနေမြဲကျားနေမြဲ ဆက်လက်ဆောင်ရွက်လိုသည်။
အစ္စရေးထောက်လှမ်းရေးမော့ဆက်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာ၊ လေယာဉ်မောင်းနှင် ပျံသန်းရေး၊ လေထီးခုန်လေ့ကျင့်ရေးနှင့် အဆင့်မြင့်သင်တန်းများ၊ အစ္စရေးက ကူညီတည်ဆောက်ပေးခဲ့သည်။ စစ်ဖက်စက်ရုံများအတွက် ဓာတ်ခွဲခန်းများ တည်ထောင်ရေး၊ ယမ်းမှုန့် တန် ၆၀ ကျော်နှင့် သန်းနှင့်ချီသော ကျည်ဆံများရောင်းချရေး စသည့် ကိစ္စရပ်များကို အဆိုပါ ကာလအတွင်း ပေးပို့သည့် ကြေးနန်းအများအပြားတွင် မှတ်တမ်းတင်ထားသည်။
Peres နှင့်အောင်မြင်စွာတွေ့ဆုံအပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်လာသော ဗိုလ်ချုပ်ကြီးနေဝင်းက ရန်ကုန်၌ ဆန္ဒပြနေသော ကျောင်းသားအစုလိုက်အပြုံလိုက် ကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။
“စစ်သားများက လူအုပ်ကြီးထဲသို့ သေနတ်ဖြင့်ပစ်ခတ်ကြသည်” ဟု ရန်ကုန်ရှိ အစ္စရေးသံရုံးမှ ကောင်စစ်အရာရှိ Michael Elitzur ၏ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ကြေးနန်းတွင် ဖော်ပြသည်။ ကျောင်းသားများက အခိုင်အမာ အကာအကွယ် ရယူထားသည့် တက္ကသိုလ်အဆောက်အအုံတစ်ခုကို စစ်တပ်က မည်သို့ဖြိုချ ဖျက်ဆီးခဲ့ကြောင်း ၎င်းက အသေးစိတ်ဆက်လက်ဖော်ပြသည်။
“သေဆုံးသွားသူများအတွက် အာဏာပိုင်များက တရားဝင် အသုဘဈာပန ကျင်းပခွင့်မပြုပေ။ အသတ်ခံရသူများ၊ ဒဏ်ရာရသူများ၏ မိဘ၊ ဆွေမျိုးများအများစု ပါဝင်သည့် ရာနှင့်ချီသော လူအုပ်ကြီးကို အထွေထွေဆေးရုံကြီးပတ်လည်၌ လုံးဝတိတ်ဆိတ်ငြိမ်သက်လျက် ဝမ်းနည်းပူဆွေးစွာ စုဝေးနေကြသည်ကို တွေ့မြင်ရသည်မှာ ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းပင်ဖြစ်သည်။
နောက် နှစ်ရက်အကြာတွင် တစ်နိုင်ငံလုံးမှ တက္ကသိုလ်ကျောင်းအားလုံးကို ပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်” ဟု ဆိုသည်။ ထို့အပြင် ဒါဇင်နှင့်ချီသည့် အခြားကျောင်းသားများကို လုံခြုံရေးအဖွဲ့များက ဖျောက်ဖျက်ပစ်ခဲ့သည်ဟု Elitzurက အစီရင်ခံတင်ပြသည်။
ဤတစ်ကြိမ်၌မူ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤ ၆၂ ကျောင်းသားအရေးအခင်းအတွင်း လူအများအပြား သတ်ဖြတ်မှုအတွက် မည်သူ့တွင် တာဝန်ရှိသည်ဟူသောအချက်ကို အမှန်တကယ် စိတ်ဝင်စားမှု ပြသလာခဲ့သည်။ သံအမတ်ကြီး Eliashiv Ben-Horin က မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကို အဆိုပါကိစ္စအကြောင်းကို ဖွင့်ဟမေးမြန်းစုံစမ်းခဲ့သည်။ ထိုအခါ ………….
(ဆက်လက်ဖော်ပြပါမည်)
(Haaretz မဂ္ဂဇင်းပါ Eitay Mack ၏ “Israel Saw Brutal Myanmar Regimes as a Business Opportunity, Documents Reveal” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)