31 C
Yangon

မောင်တောတွင် စစ်တပ်ထောက်ပို့ယာဉ်နှစ်စီး တိုက်ခိုက်ခံရမှု စစ်သား ၄ ဦးသေဆုံး ၊ ရခိုင်ပြည်သူများအပေါ် စစ်တပ်က ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြန်လည်ပေးဆပ်ရမည်ဟု ခိုင်သုခ သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကိုးတန်ကောက်အနီး မောင်တော-အငူမော်သွားလမ်းပေါ်အတိုင်းထွက်လာသည့် စစ်ကောင်စီ ရိက္ခာထောက်ပို့ယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်ဖြတ်တိုက်ခဲ့၍ ကားပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထဲမှ ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိကြောင်း AA က ပြောသည်။

အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်က မောင်တော-အငူမော်သွားလမ်းအတိုင်းမောင်းလာသည့် စစ်ကောင်စီ ထောက်ပံ့ယာဉ် ၂ စီးသည် ကိုးတန်ကောက် ဆားငံချောင်း တံတားအနီးအရောက်တွင် ရက္ခိုင့်တပ်တော် AA ဖက်က ဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ကား၂ စီးလုံး လုံးဝ ပျက်စီးသွားပြီး ကားပေါ်တွင် ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထဲမှ ၄ ဦးသေဆုံးကာ လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိကြောင်း ရက္ခိုင့်တပ်တော် AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကို ပြောသည်။

“နခခ ၄လက်အောက်ခံ ကိုးတန်ကောက်စခန်းကနေ ထွက်လာတဲ့ ရန်သူ့ အင်အား ၁၅ ဦးပါလာတဲ့ ကား၂ စီးကို ကျနော်တို့က ဖြတ်ပြီးတော့ တိုက်ခဲ့တာရှိတယ်။ အဲ့ဒီဖြစ်စဥ်အတွင်းမှာပဲ ရန်သူဖက်က ၄ ဦးကျပြီးတော့ သုံးဦး ဒဏ်ရာရပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ ကားနှစ်စီးက လုံးဝ ပျက်စီးသွားပါတယ်။ ရန်သူ့ ဆီကနေပြီးတော့ လက်နက် ခဲယမ်းတစ်ချို့ သိမ်းဆည်းရမိထားတယ်” ဟုပြောသည်။

ယင်းနောက်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ မိနစ် ၃၀ ကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်မှ ပြန်လည်ဆုတ်ခွာသွားကြောင်း ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကဆက်ပြောသည်။

တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီမှ ရခိုင်ပြည်သူများဖမ်းဆီးခံရမှုမှာ ၁၉၀ ဝန်းကျင်ဦးခန့်ရှိပြီး ရခိုင်ပြည်သူများကို ဦးတည်တိုက်ခိုက်ရေးဗျူဟာဖြင့် လုပ်ဆောင်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် AA ကပြောသည်။

‌တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာသည်အမျှ စစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်မှုများ ပြည်သူများကို ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
ယင်းသို့ စစ်ကောင်စီက ယခုကဲ့သို့ ရခိုင်ပြည်သူများအပေါ် နေ့စဉ်ရက်ဆက်ကျူးလွန်နေသည့် ရာဇဝတ်မှုများအတွက် ပြန်လည်ပေးဆပ်ရမည့်အချိန်ရောက်လာမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတိပေးပြောဆိုလိုက်သည်။

“အခုတကျော့ပြန်တိုက်ပွဲပြန်ပြီး ဖြစ်လာတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ဗျူဟာက ပြည်သူတွေကို ဦးတည်တိုက်ခိုက်ရေးနဲ့အလုပ်လုပ်နေတာတွေ့ရတယ်။ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ ပြည်သူတွေကို တွေ့တဲ့နေရာမှာ မတရားဖမ်းဆီးရိုက်နှက်တာတွေ ချုပ်နှောင်ထားတာတွေ ဆက်တိုက်ရှိနေတာပေါ့။ စစ်ကောင်စီက အခုလို ရခိုင်ပြည်သူတွေအပေါ် နေ့စဉ်ရက်ဆက်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် ပြန်လည်ပေးဆပ်ရမယ့် အချိန်ကိုရောက်လာဖို့ရှိတယ်လို့ သတိပေးချင်တာရှိပါတယ်”ဟုပြောသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article