31 C
Yangon

ကမ္ဘာ့နိုင်ငံများတွင် တီဘီရောဂါ ကူးစက်ခံရသူ ပြန်များလာပြီး သေဆုံးသူတိုးလာသည့် နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်လာ

Must read

ရန်ကုန်၊ အောက်တိုဘာ၊ ၂၈ ရက်

တီဘီရောဂါသည် အရေအတွက် နှစ်ပေါင်းများစွာ ကျဆင်းခဲ့ပြီးနောက် တကျော့ပြန် မြင့်တက်လာကာ ၂၀၂၁ ခုနှစ်မှာ ခန့်မှန်းခြေ လူ ၁ ဒသမ ၆ သန်း သေဆုံးခဲ့ပြီး နှစ်နှစ်အတွင်း ၁၄ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နောက်ဆုံး ထုတ်ပြန်လိုက်သည့် အချက်အလက်များသိရသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် တီဘီရောဂါကြောင့် သေဆုံးသူ အရေအတွက် တိုးလာခြင်းဟာ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် တီဘီရောဂါသည် သေဆုံးသူ များလာခြင်းကြောင့် ဖြစ်သည်ဟု WHO က ဖော်ပြသည်။

ကမ္ဘာ့အဆိုးရွားဆုံးသော ကူးစက်ရောဂါအဖြစ် ကိုဗစ်-၁၉ က ကျော်တက်ခံခဲ့ရသည့် တီဘီရောဂါသည် ၂၀၁၉ ခုနှစ်တွင် သေဆုံးသူ ၁ ဒသမ ၄ သန်း၊ ၂၀၂၀ ခုနှစ်တွင် ၁ ဒသမ ၅ သန်း ရှိခဲ့ပြီး ဆက်တိုက် တိုးလာခြင်းဖြစ်သည်။

“တစ်ကမ္ဘာလုံးမှာ တီဘီရောဂါကြောင့် နှစ်စဉ်သေဆုံးမှု ခန့်မှန်းခြေ အရေအတွက်ဟာ ၂၀၀၅ နဲ့ ၂၀၁၉ ခုနှစ်ကြား ကျဆင်းသွားပေမဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းချက်တွေအရ ပြန်တက်လာတာ တွေ့ရတယ်” ဟု ကုလသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီက ၎င်း၏ နှစ်စဉ် အစီရင်ခံစာတွင်ဖော်ပြသည်။

ယခုကဲ့သို့ တီဘီရောဂါသည် ပြန်များလာခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးဆက်များဖြစ်ပြီး ကပ်ရောဂါ ကာလအတွင်း တီဘီရောဂါနှင့် ပတ်သက်၍ ရောဂါရှာဖွေခြင်း၊ ကုသခြင်းများအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

လက်ရှိ ကိန်းဂဏန်းတွေအရ တီဘီရောဂါသည် ကိုဗစ်-၁၉၏ နေရာကို ပြန်ယူပြီး ကမ္ဘာမှာ ကူးစက်မှုကြောင့် အသေအပျောက် အများဆုံး ရောဂါ ပြန်ဖြစ်လာလိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

ကမ္ဘာ့လူဦးရေ ၁၀ ဒသမ ၆ သန်းခန့်သည် ၂၀၂၁ ခုနှစ်အတွင်း တီဘီရောဂါ ကူးစက်ခံရပြီး နာမကျန်း ဖြစ်ခဲ့ကြောင်းနှင့် ယင်းသည် ၂၀၂၀ ပြည့်နှစ်နှင့် ယှဉ်ကြည့်ရာတွင် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးလာကြောင်း WHO က ဆိုသည်။

တီဘီရောဂါသည် အများအားဖြင့် အဆုတ်ကို ထိခိုက်စေသည့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပြီး ကိုဗစ်ကဲ့သို့ လေထဲကနေတစ်ဆင့် ကူးစက်နိုင်ကာ တီဘီရောဂါရှိသူ၏ ချောင်းဆိုးခြင်းကနေတစ်ဆင့် ကူးစက်နိုင်သည်။

သို့သော်လည်း တီဘီရောဂါသည် ကာကွယ်ကုသနိုင်သည့် ရောဂါဖြစ်သလို ကူးစက်မှုအများဆုံးနှင့် အသေအပျောက် များပြားသော ရောဂါလည်း ဖြစ်နေသည်။

တစ်ကမ္ဘာလုံးက တီဘီရောဂါဖြစ်ပွားသူ စုစုပေါင်း၏ သုံးပုံနှစ်ပုံကို ကမ္ဘာ့နိုင်ငံ ၈ နိုင်ငံမှာ တွေ့ရခြင်းဖြစ်ပြီး အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံများ ဖြစ်ကြသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါ (ဆေးတိုးတီဘီ/ ဆေးယဉ်ပါးတီဘီ/ HIV ပိုးဒွန်တွဲတီဘီ) အဖြစ် အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပြီး တီဘီရောဂါသည် ဦးစားပေး ဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေး ပြဿနာဖြစ်သည်ဟု မြန်မာ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံမှ တီဘီရောဂါကုသပေးနေသည့် ဆေးခန်းတစ်ခု။

Photo- Path

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article