26 C
Yangon

ကယားနှင့် မြောင်မြို့နယ်တို့တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၈ ဦးကျဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ကယားနှင့် မြောင်မြို့နယ်တို့တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၈ ဦးကျဆုံးကြောင်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

ကယားပြည်နယ်၏ အောက်တိုဘာလ တိုက်ပွဲများ

ကယားပြည်နယ်တွင် ၁ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးကြောင်း KNDF တပ်ဖွဲ့ထံမှ သိရသည်။

လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာလ ၁ လတာ အတွင်း ရှမ်း-ကယား နယ် စပ်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ရှားတော၊ ဘောလခဲနှင့် ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်တပ် တပ်စခန်းများနှင့် ကင်းပုန်းစခန်းများကို အရှိန်မြှင့်တင် တိုက်ခိုက်ခဲ့ကြောင်း၊ ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရှမ်း-ကယား နယ်စပ်ဖြစ်သော ပီကင်းကောခူ၊ ဆောင် ကန်းကျေးရွာများနှင့် မိုးဗြဲမြို့ အထိ နယ်မြေ ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ စစ်အကြောင်း နှစ်ကြောင်းဖြင့် လွိုင်ကော်မြို့မှ ရှမ်း-ကယားနယ် စပ် ဖြစ်သော ဆောင်ကန်းကျေးရွာနှင့် ဝါရီကိုင်းကျိုင်းကျေးရွာများကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့​ပြီး ကရင်နီ ပူးပေါင်းတပ်များနှင့် ထိပ်တိုက်တွေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းနှင့် ရှားတောမြို့နယ် တို့တွင်လည်း စစ်တပ် တပ်စခန်းများ၊ ကင်းပုန်းစခန်း များ ကို ကရင်နီ ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ကြောင်း၊ ထောက်ပို့ လမ်းကြောင်းများကိုလည်း ဖြတ်တောက် တိုက်ခိုက်ခဲ့ကာ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ မဲ့စလောင်းတောင် တပ်စခန်းအနီးတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဘောလခဲမြို့ အဝင် အထွက်ရှိ စစ်တပ် ဂိတ်စခန်းများကိုလည်း ကရင်နီ ပူးပေါင်းတပ်များမှ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင်လည်း စစ်တပ် တပ်စွဲထားသော မြို့မရဲခန်းနှင့် ဖရူဆိုမြို့အဝင် ထီးကလူဒေါကျေးရွာရှိ ကင်းစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မာခရော့ရှေး တပ်စခန်းနှင့် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်း အနီးရှိ ကင်းစခန်းများကိုလည်း ကရင်နီ ပူး ပေါင်းတပ်ဖွဲ့မှ အလှစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း၊ ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အကြားရှိ ကျေးရွာများဘက်တွင်လည်း စစ်တပ်များ လှုပ်ရှားလျက်ရှိကြောင်း၊ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သေးဆူလဲကျေးရွာနှင့် အနီးဝိုက်ကျေးရွာများတွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာလ အတွင်း အရပ်သားများကို ပစ် မှတ်ထားပြီး ဒီးမော့ဆိုမြို့နယ် ၊လွိုင်ကော်၊ ဖရူဆိုမြို့နယ်များရှိ ပြည်သူများ ခိုလှုံနေသည့် စစ်ရှောင်စခန်းများနှင့် လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကလေးသူငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့​ကာ ပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁ လတာအတွင်း ကရင်နီပြည်အတွင်း၌ တိုက်ပွဲပေါင်း ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ကာ တပ်မ (၆၆) မှ တပ်သား ၁ ဦး ပြည်သူဘက်သို့ CDM ပြုလုပ်ခဲ့ကြောင်း၊ KNDF ဘက်မှ ရဲဘော် ၅ ဦး ရဲရင့်စွာ ကျဆုံးခဲ့ပြီး KNDF မှ ကျဆုံးသွားသောရဲဘော်များအား ကရင်နီအမျိုးသား အာဇာအနည် အဖြစ် အသိအမှတ်ပြုကာ လေးစား ဂုဏ်ပြု အလေးပြုကြောင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၏ အောက်တိုဘာလ တိုက်ပွဲများ

အလားတူ ​စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ၁ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၄၀ ဦးသေဆုံးခဲ့ကြောင်း CDSOM တပ်ဖွဲ့ကပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာရှိ စစ်တပ် တပ်စခန်း ဝင်ရောက် တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ကျောက်ရစ်ရဲစခန်းအနီးရှိ အကြမ်းဖက် စစ်တပ်၏ လုံခြုံရေး ဂိတ်စခန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်း-ချောင်းဦး-မုံရွာ လမ်းပိုင်း၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းနှင့် မြင်းမူတို့ တွင် စစ်တပ်ယာဥ်တန်း ပဒေသာမိုင်းများဖြင့် အတွဲလိုက်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၂၈ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၈ ရက်၊ ၉ ရက်၊ ၂၂ ရက်နှင့် ၂၈ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က မြောင်မြို့နယ်အတွင်းရှိ ညောင်ကားယား၊ ပန်းညို၊ ရွှေပေါက်ပင်နှင့် ပရိမ္မရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၈ လုံးပြာကျခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်က ကျေးရွာများအတွင်း ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်အတွင်း အောက်တိုဘာလ ၁လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၀ ဦးသေဆုံးကာ ကာကွယ်ရေး ရဲဘော် ၃ ဦးထိခိုက်ကျဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-KNDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article