26 C
Yangon

AA နှင့်စစ်တပ် ၆ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်၀ဒေသတွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် AA တို့အကြား ၆ ရက်တာတိုက်ပွဲများအတွင်း စစ် ကောင်စီဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီရွာအနီးတွင် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ (မူဆလင်ကျေးရွာ) အနီးတွင် တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၉ နှင့် ၂၁၀ ပူးပေါင်းတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့အကြား သုံးနာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၁ ဦးမျက်မြင် ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိခဲ့ကြောင်း၊ AA ဘက်မှလည်း
အထိ အခိုက် အကျအဆုံး အနည်းဆုံးရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ (၂၈) ရက်နေ့၊ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင်လည်းကောင်း၊ အောက် တိုဘာလ (၂၈) ရက်နေ့တွင် ကျောက်တော်မြို့တွင်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်တွင်လည်း ကောင်း၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာအနီးတွင်လည်းကောင်း၊ မြောက်ဦးမြို့နယ်တွင်လည်းကောင်း စစ်တပ်က လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီ ၁၃ မိနစ်တွင် ကျောက်တော်မြို့နယ်၊ ရုပ်သားရွာ အနီးတွင် စစ်တပ်နှင့် AA တို့ မိနစ် ၂၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင်လည်း ရန်သူသည် လက်နက်ကြီးများကို ကျောက်တော် နှင့် ဘူးသီးတောင်မြို့ နယ်များအတွင်း၌ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၄ နာရီခန့်အထိ မောင်တောမြို့နယ်မြောက်ပိုင်းတွင် နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မောင်တောမြောက်ပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦး ကျဆုံးရှိခဲ့ပြီး ဒဏ်ရာရရှိသူ (၁၀) ဦးခန့်ရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် အောက်တိုဘာလတွင် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article