30 C
Yangon

ကန့်ဘလူတွင် စစ်တပ် မီးရှို့မှုကြောင့် ကျေးရွာ ၃ ရွာမှ ပြန်တမ်းဝင်အရာရှိ စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် နေအိမ် အပါအဝင် နေအိမ် ၅၇ လုံး ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၃ ရွာမှ ပြန်တမ်းဝင် အရာရှိ စစ်မှုထမ်းဟောင်း ဒုတပ်ကြပ် နေအိမ် အပါအဝင် နေအိမ် ၅၇ လုံး ပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဒီဇင်ဘာ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း -၃၆၈ နှင့် ပျူစောထီးများက လွှဲဆိပ်၊ လက်ခုပ်ကုန်းနှင့် ဘောကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီး ခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဒီဇင်ဘာ ၁၄ ရက် နှင့် ၁၅ ရက်နေ့တွင် လွှဲဆိပ်၊ လက်ခုပ်ကုန်း ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လွှဲဆိပ်ကျေးရွာမှ နေအိမ် ၄ လုံး ပြာကျခဲ့ ပြီး လက်ခုပ်ကုန်းကျေးရွာမှ နေအိမ် ၃၃ လုံး မီးလောင် ပြာကျခဲ့ကြောင်း၊ မီးလောင်ပျက်စီးခဲ့ရသည် နေအိမ်များတွင် လက်ခုပ်ကုန်းရွာမှ အငြိမ်းစား ဒု-တပ်ကြပ် ဦးဘိုသိန်း၏ နေအိမ်လည်း ပါဝင်ခဲ့ကြောင်း ဦးဘိုသိန်းသည် လက်ရှိကာလတွင် ကန့်ဘလူမြို့တွင် ပြန်တမ်းဝင် စစ်မှုထမ်းဟောင်းအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်နေသူ တစ်ဦး ဖြစ်ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာ ၁၆ ရက် နေ့ တွင် ဘောကျေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ လုံး ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် လွှဲဆိပ် ၊ ဘော ၊ လက်ခုပ်ကုန်း၊ ကျေးတပင် ၊ အေးသာယာ ကျေးရွာများမှ ပြည်သူ လေးထောင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့တဲ့ထဲမှာ သူတို့ စစ်တပ်ကပဲ လက်ခုပ်ကုန်းရွာက ပြန်တမ်းဝင် အရာရှိ စစ်မှုထမ်းဟောင်း အသက် ၅၈ နှစ်ခန့်ရှိ ဦးဘိုသိန်းနေအိမ်လည်း ပါသွားတယ်။ ဦးဘိုသိန်းက မြေပြင်တော်လှန်ရေး အင်အားစုတွေ ရှိလာကတည်းက ရွာကနေ ကန့်ဘလူမြို့ပေါ်မှာ ပြောင်းနေပြီး စစ်မှူထမ်းဟောင်းရုံးမှာ ဆက်လက် တာဝန်ထမ်းနေတယ်လို့ သိရတယ်ပါတယ်။ အခုထိ စစ်ခွေး စစ်ကြောင်းတွေက ရှိနေတော့ ပြည်သူတွေလည်း နေရပ်မပြန်နိုင်သေးဘဲ ရှိနေသေးတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော လက်ခုပ်ကုန်းရွာမှ ပြည်သူပိုင်နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article