ရန်ကုန်၊ ဇန်နဝါရီ ၁၆
ရန်ကုန်မြို့၊ အလုံမြို့နယ် ထော်လီကွေ့မှတ်တိုင် အနီးရှိ စစ်ကောင်စီနှင့်ပူးတွဲစီးပွားရေးလုပ်ကိုင်နေသော တေဇပိုင် ထူးဓာတ်ဆီဆိုင်ကို ယနေ့ နံနက်ပိုင်းတွင်မီးရှို့ကာ ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်လိုက်သဖြင့် တစ်ဆိုင်လုံး မီးလောင် ပြာကျသွားကြောင်း Special Task Agency of Burma – STA အဖွဲ့က ပြော သည်။
ဇန်နဝါရီ ၁၆ ရက်နံနက် ၄ နာရီခန့်တွင် အထက်ပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်တစ်ခုလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း STA က ပြော သည်။
“မနက် ၄နာရီ ၅မိနစ်ခန့်က အလုံမြို့နယ် အောက်ကြည့်မြင်တိုင်ကမ်းနားလမ်း ထော်လီကွေ့ မှတ်တိုင်အနီး ခရိုနီတေဇ ပိုင် ထူးဓါတ်ဆီဆိုင် ပေါက်ကွဲပြီး မီးလောင်သွားတယ်။ နောက် ၁၀မိနစ်လောက် နေတော့ မီးကများလာပြီး ဓါတ်ဆီတွေနဲ့ ထိတွေ့ပြီး အကျယ်ကြီးပေါက်ကွဲသံနဲ့အတူ မီးပိုလောင်ကျွမ်းသွားတယ်။ ၄နာရီ ၃၀လောက်မှ မီးထိန်းနိုင်ခဲ့ပြီး ၄နာရီ၄၅မှာ ငြိမ်းသွားတယ်။ မီးလောင်လောင်ချင်း မပေါက်ကွဲသေးတော့ ဝန်ထမ်းတွေ ထွက်ပြေးချိန်ရတယ်” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
STA အဖွဲ့သည် မကြာသေးမီက အာဏာရှင်ဟောင်း နေဝင်းမြေးပိုင် YBS 56 ယာဉ် ၂ စီးကို ဗုံးဖောက်ခွဲခဲ့သည်။