30 C
Yangon

အငြိမ်းစား ဗိုလ်ကြီးမျိုးမြင့် ၏ သမီး စိတ်ဝေဒနာရှင်ကို ခလရ ၁ တပ်ရင်းမှ တပ်သား ထွန်းနိုင်က မုဒိမ်း ကျင့်၊ စစ် တပ်က အမှုကျေအေးပေးရန် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ဖိအားပေး

Must read

အငြိမ်းစား ဗိုလ်ကြီးမျိုးမြင့် ၏ သမီး စိတ်ဝေဒနာရှင်ကို ခလရ ၁ တပ်ရင်းမှ တပ်သား ထွန်းနိုင်က မုဒိမ်း ကျင့်၊ စစ် တပ်က အမှုကျေအေးပေးရန် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ဖိအားပေး

ရန်ကုန်၊ မတ် ၁၆

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဗိုလ်ကြီးမျိုးမြင့်(ငြိမ်း)၏ သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် စိတ် ဝေဒနာရှင်ကို ခလရ ၁ တပ်မှ တပ်သားထွန်း နိုင်က မုဒိမ်းကျင့်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၅ ရက်နေ့ မင်းလှမြို့နယ်၊ လတ်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန်ကျေးရွာ၊ ရေစက် လမ်းနေ တွင် ဗိုလ်ကြီး မျိုးမြင့်(ငြိမ်း) နှင့် ဒေါ်ခင်မာလာတို့က ဖျာပုံမြို့သို့ ခရီးသွားရန် ရှိ သည့်အတွက် သမီးဖြစ်သူ စိတ်ဒေဝဒနာရှင် အ သက် ၂၁ နှစ်အရွယ် မိန်းကလေးကို အိမ်နီးနားချင်းများထံ အပ်နှံ ထားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စိတ်ဝေဒနာရှင် မိန်းကလေးရှိနေသည့် နေအိမ်ထဲသို့ ခလရ ၁ တပ်ရင်း၊ တပ်ခွဲ ၃ မှ အသက် ၅၅ နှစ်အရွယ် တပ်သားထွန်းနိုင်က နေအိမ်အတွင်းဝင်ရောက်ပြီး မိန်းကလေးကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ ယင်းသို့ မုဒိမ်းကျင့်နေသည်ကို အနီးအနားရှိ တပ်ကြပ်ကြီး တစ်ဦး၏ ဇနီးဖြစ်သူက တွေ့မြင်သွားရာမှ တပ် သားထွန်းနိုင်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ကြီးမျိုးမြင့်(ငြိမ်း)၏ သမီး စိတ်ဒေနာရှင်ကို တပ်သား ထွန်းနိုင်က မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တစ်ကြိမ်၊ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်နှင့် မွန်းလွဲ ၂ နာရီ ဖမ်းမိသည့်အချိန်တွင် တစ်ကြိမ် စုစု ပေါင်း ၃ ကြိမ် မုဒိမ်းကျင့်ခဲ့ကြောင်း၊ မုဒိမ်းကျင့်သူ တပ်သား ထွန်းနိုင်ထံတွင် သမီး ၃ ဦးရှိပြီး သားမက်များလည်းရှိကြောင်း သိရှိရသည်။

“တပ်သားထွန်းနိုင်က မိန်းကလေးရှိနေတဲ့ အိမ်ထဲကို အဝင် အထွက် အရမ်းလုပ်‌ပြီး ထူးခြားနေလို့ အိမ်နီးနားချင်း တပ်ကြပ်ကြီးတစ်ဦးရဲ့ ဇနီး ဝင်ကြည့်ရင်းနဲ့ မုဒိမ်းကျင့်နေလို့ အော်ဟစ်ပြီး ဖမ်းလိုက်တာ၊ မိန်းကလေးကို ကုတင်ပေါ်တင်ပြီး မုဒိမ်းကျင့်နေတာကို တည့်တည့်မိတာ၊ မိန်းကလေးမေးကြည့်တော့ အခုအကြိမ်ရောဆိုရင် ၃ ကြိမ်ရှိပြီလို့ သိရတယ်၊ အိမ်ထဲဝင်တွန်းလှဲပြီး မအော်နဲ့အော်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက် မုဒိမ်းကျင့်ခဲ့တာလို့သိရတယ်၊ ကောင် မလေးက တော့ ကြောက်ပြီး ငိုတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြေကြားသည်။

လက်ရှိတွင် မုဒိမ်းကျင့် တရားခံ တပ်သား ထွန်းနိုင်ကို တပ်အချုပ်တွင် တစ်လ အချုပ်ချထားပြီး ခလရ ၁ တပ်ရင်းမှအရာရှိများက အမှုကို ကျေအေးပေးရန် လတ်ဆက်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် မုဒိမ်းကျင့်ခံရသူ၏ မိသားစုကို ဖိအားပေးနေ ကြောင်း သိရသည်။

“အခုလက်ရှိ တပ်ရင်းမှူးရှေ့တန်း ထွက်နေရလို့ တပ်သားထွန်းနိုင်ကို တပ်အချုပ်ထဲမှာ ဖမ်းထားတယ်။ နောက် တန်းမှူးက ဒကစ /တပ်မမှူးဆီ သတင်းမပို့သေးဘဲ အမှုကို ဖျောက်ဖို့လုပ်နေတယ်။ ကျေးရွာအုပ်ကြီးကတဆင့် စစ် တပ်က မိသားစုကို ငွေယူပြီး ကျေအေးဖို့ ဖိအားပေးနေတယ်။ ကောင်မလေးက စိတ်မနှံ့တော့ အရေးမယူဘဲ ငွေယူပြီး လွှတ်ပေးဖို့ စစ်တပ်က ဖိအားပေးတာ။ မိသားစုကလည်း စစ်တပ်ထွက်တွေဖြစ်နေတော့ အချင်းချင်း နားလည်ပေးဖို့ ဖိအားပေးတာ။ သတင်းကိုလည်း အပြင်မထွက်အောင် အုပ်ထားကြတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article