မြိုင်မြို့နယ် ၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆေး ကုသမှု ခံယူနေသော လူငယ်တချို့ကို ပစ်သတ်ကာ ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား၊ အသက် ၁၇ နှစ်အရွယ် လူငယ် အလောင်း တွေ့ရှိရ
ရန်ကုန်၊ ဧပြီ ၁၉
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ တွင် ဝင်ရောက်စီးနင်းပြီး ဆေးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ကို သတ်ဖြတ်ကာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ထား ကြောင်း ပြည်သူ့ကာကွယ်ရေးသတင်းရင်း မြစ်က ပြောသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်အချိန် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ မကျီးကန်ရွာကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ Mi 17 ရဟတ်ယာဥ် ၂ စီးဖြင့် စစ်သားများ ချထားကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ရွာဆေးရုံရှိ လူနာများနှင့် သက်ကြီးရွယ်အိုများကို ဓားစာခံ အဖြစ် ဖမ်းဆီးထားပြီး ထွက်ပြေးကြသည့် ဆေးဝါးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ပစ်သတ်ခံရကြောင်း ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်တပ်က ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြန်လည်ထွက်ခွာသွားသော လက်ရှိအချိန်တွင် လူငယ် ၁ ဦး အလောင်းကို စတင်တွေ့ရှိရကြောင်း သိရှိရသည်။
“မနေ့ကအသတ်ခံရတဲ့ အသက် ၁၇ နှစ် ၉ တန်းကျောင်းသားအလောင်းတလောင်းတွေ့ပါတယ်။ ဆေးတွေကို မီးရှို့ဖျက်ဆီးတယ်။ ဓါတ်ခွဲခန်းကိုလည်း ဖျက်ဆီးခဲ့တယ်။ ဆေးရုံရှေ့အိမ် ၄ အိမ် မီးရှို့ခံရတယ်” ဟု ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ဆိုသည်။
စစ်တပ် မကျည်းကျေးရွာကို ဝင်ရောက်စီးနင်းရာတွင် လေကြောင်းဖြင့် တိုက်ခိုက်ပြီးမှ စစ်အင်အားများချကာစီးနင်းဖြစ်၍ ရုတ်တရက် ဝင်ရောက် စီးနင်းမှုဟု ဒေသပြည်သူများက ဆိုကြသည်။
” မကျီးကန် ဆေးရုံကို စစ်တပ်က ဝင်စီးတဲ့အချိန်မှာ မပြေးနိုင်ဘဲ ဆေး ကုနေ တဲ့ ခြေပြတ်လက်ပြတ် လူငယ်လေးတွေကိုပစ်သတ်လိုက်ပြီ။ စုစုပေါင်း ၁၀ ဦးဝန်းကျင် ခန့်မှန်းရှိနိုင်ပါတယ်။ စစ်တပ်က လေကြောင်းနဲ့ မြိုင်နယ် မကျည်း ကန် ဆေးရုံနဲ့ ရွာကို လေကြောင်းနဲ့ တိုက်ခိုက်၊ပြီးတော့ လေယာဉ်ပေါ်က ဆင်း ပြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်တယ်။ အဲဒါ ဆေးရုံမှာ ဆေးကုသမှုခံ ယူ နေ တဲ့ လူငယ်တွေလည်း ကြောက်လန့် တကြားထွက်ပြေးတော့ ဝေးဝေး မပြေးနိုင်သူတွေ ပစ်သတ်ခံရတယ်။ ဆေးဝါးကုသမှု ခံယူနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေလည်း ပစ်သတ်ခံရမှုမှာ ပါနိုင်တယ်။ ” ဟု ပြည်သူ့ကာကွယ်ရေး သတင်း ရင်းမြစ်က ဆိုသည်။
ထို့ပြင် မကျီးကန်ဆေးရုံနှင့် မကျီးကန်ကျေးရွာအတွင်းမှ ပြည်သူ ၃၀ ဦးကို လည်း စစ်တပ်က ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် မေးမြန်းလျက်ရှိကြောင်း ဒေသပြည်သူတချို့ကဆိုသည်။
“အဖမ်းခံထားရသူတွေ ၃၀ လောက်ရှိမယ်။ အဲဒါတွေကိုလည်း တစ်နေရာတည်း မှာ စုပြီး ညှဉ်းပန်းနှိပ်စက်နေတယ်လို့ သတင်းရပါတယ်။ခွေးတွေ မထွက်သေး တော့ အခြေအနေအသေးစိတ်မပြောနိုင်ဘူး။ အခြေအနေက စိုးရိမ်စရာပါပဲ” ဟု ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ဆိုသည်။
စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၄ လုံး၊ ကား ၂ စီး၊ဆိုင်ကယ် ၄ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် မွှေနှောက်သွားပြီး ရွှေထည် ပစ္စည်းများ ၊ပိုက်ဆံများ နှင့် ပြည်သူများထံမှ ဖုန်းအလုံး ၁၀၀ ကျော်ကိုလည်း ယူဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်နီ ပျူရွာကို ရောက်ရှိလျက်ရှိကြောင်း မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ ကို PDF နှင့် ဆက်စပ်နိုင်သည်ဟုဆိုကာ ဖမ်းဆီး ထိန်းသိမ်း ခေါ်ဆောင်သွား သည်ဟု သိရှိရသည်။