ရန်ကုန် ၊ ဇန်နဝါရီ ၁၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဇီးဖြူစားကောင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီဝင်များ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်များ အားလုံးကို မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
အကြမ်းဖက် စစ်ကောင်စီများသည် ကျေးရွာအတွင်းရှိ နေအိမ်တစ်အိမ်ရှိ သိန်း ၅၀ တန် တန်ဖိုးရှိ ရွှေထည်များကို ယူဆောင်သွားပြီး နေအိမ် ၅ လုံး၏ အိမ်တိုင်များကို ဓားဖြင့် ခုတ်ထစ်ဖျက်ဆီးသွားခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိ ဆိတ်၊ ကြက်များကိုလည်း သတ်ဖြတ်စားသောက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“အိမ်တိုင် ဖျက်ဆီးခံရတဲ့ အိမ်တွေက ပြိုလဲတော့မယ်။ ဆိုင်ကယ် ၈ စီးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်။ အိမ်တွင်းအားလုံးရဲ့ အိမ်တွင်းပစ္စည်းတွေကိုလည်းဖျက်ဆီးသွားတယ်။ ရွာသား ၅ ဦးကိုလည်း ဖမ်းဆီးသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီဝင်များသည် ဇန်နဝါရီလ ၁၅ နေ့ နံနက် ၉ နာရီခန့်တွင် ဇီးဖြူစားကောင်းကျေးရွာမှ ပြန်လည် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ပုံစာ – နေအိမ်များ ဖျက်ဆီးခံရသည့် ဇီးဖြူစားကောင်းကျေးရွာ