35 C
Yangon

ရန်ကုန် တိုက်ကြီးစစ်မှုထမ်းဟောင်း အိမ်ရာ၊ မြောင်းတကာရဲစခန်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာဒုံတို့တွင် ဗုံးများပေါက်ကွဲ၊ မြစ်ကြီးနားတွင် ဗုံးကွဲပြီးနောက် စစ်တပ်ရမ်းကားပစ်ခတ်၍ ၇ နှစ်ကလေးငယ် ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန် တိုက်ကြီးစစ်မှုထမ်းဟောင်း အိမ်ရာ၊ မြောင်းတကာရဲစခန်း၊ လှိုင်သာယာ၊ မရမ်းကုန်း၊ တာမွေ၊ မင်္ဂလာဒုံတို့တွင် ဗုံးတွေ့ရှိမှုများနှင့် ဗုံးများပေါက်ကွဲမှုများ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်တွင်တိုက်ကြီးမြို့နယ် မြို့မစျေးအနီး စစ်မှုထမ်းဟောင်း အိမ်ရာတခုနားတွင် ဗုံး ၃လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အလားတူ မှော်ဘီမြို့နယ်မြောင်းတကာရဲစခန်းအနီး ယနေ့နံနက် ၆ နာရီတွင် ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွား ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။

အလားတူ ရန်ကုန် လှိုင်သာယာမြို့နယ် ရန်ကုန် ပုသိမ်လမ်းမပေါ်ရှိ အမှတ် ၅၃၂ ၊ ခြေမြန်တပ်ရင်းရှေ့ရှိ အကြမ်းဖက်စစ်တပ်၏ လုံခြုံရေးရဲကင်းကို အဝေးထိန်းမိုင်း နှစ်လုံး ယနေ့ ဖေဖော်ဝါရီ ၁ရက်နေ့တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Hlaing Thar Yar Region Defense Force (H.R.D.F) သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုတွင် ထိခိုက်မှုအခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်း၊ အကြမ်းဖက် စစ်ကောင်စီမှ အတင်းအဓမ္မ ဈေးရောင်းပွဲပြုလုပ်နေသည့် အောင်မြေသာယာဘုရားအနီး ဘောလုံးကွင်းအနီးတွင်လည်း မိုင်းများ တပ်ဆင်မှု ပြုလုပ်ခဲ့သည့်အတွက် ဈေးရောင်းပွဲရှိရာ ဘောလုံးကွင်းအနီး ပြည်သူများ ဝေးဝေးရှောင်ကြဉ်ရန် H.R.D.F အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

H.R.D.F အနေနှင့် လှိုင်သာယာမြို့နယ် တရားရုံးကို အဝေးထိန်းမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူများ သွားလာနေသည်ကို မြင်တွေ့ရသည့်အတွက် ပြည်သူများ ထိခိုက်မှု မရှိစေရန် မစ်ရှင်ဖျက်သိမ်းမှု ပြုလုပ်ခဲ့ကြောင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တာမွေမြိုနယ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ န့နက် ၈ နာရီ ၄၇ မိနစ်တွင်လည်းကောင်း၊ နံနက် ၉ နာရီဝန်းကျင်တွင်လည်းကောင်း ဗုံး ၂ ကြိမ်ပေါက်ကွဲကြောင်း သိရှိရသည်။

အလားတူ မရမ်းကုန်းမြို့နယ်တွင် ယနေ့ နံနက် ၈ နာရီ ၄၈ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

ထို့ပြင်ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့၊ မနက်အစောပိုင်းက မင်္ဂလာဒုံမြို့နယ်ရှိ ကားမှတ်တိုင် တော်တော်များများတွင် ဗုံး တွေ့ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် MNM က သတင်းဖော်ပြသည်။

ပြည်သူများအနေဖြင့် နိုင်ငံရေးကားမှတ်တိုင်ဝန်းကျင်း၊ ကျိုက္ကလော့ကား မှတ်တိုင်၊ ဝါယာလက်မှတ်တိုင်၊ ခရေပင်လမ်းခွဲမှတ်တိုင်တို့အပါအဝင် စစ်တပ်နှင့်နီးကပ်ရာ မှတ်တိုင်များ ဖြစ်သော ကုန်းတလပေါင်း၊ တပ်ရင်း၉၊ ထောက်ကြန့်လမ်းဆုံ၊ ပုလဲလမ်းဆုံတို့အား အ ထူး ရှောင်ရှားကြပါရန် MNM က သတိပေးထားသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင်လည်း ယနေ့ နံနက် ၆ နာရီအချိန် လယ်ကုန်းရပ်ကွက် ရှိ အမှတ် ၃၀ ရဲတပ်ရင်း အနီး ဗုံးကွဲမှု ဖြစ်ပေါ် ပြီးနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှု ကြောင့် အမှတ်၃၀ ရဲတပ်ရင်း ကပ်လျက်ရှိ နေအိမ် အတွင်း အိပ်ပျော် နေသော ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး ကျည်ထိမှန်သေဆုံး ခဲ့ပြီး အလောင်းကို စကစ အဖွဲ့ဝင်များယူဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- မင်္ဂလာဒုံတွင်တွေ့ရှိရသည့် ဗုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article