25 C
Yangon

မြင်းမူ၊ ဘဒတ္တိုင်းရွာတွင် စစ်တပ်က အစုလိုက်အပြုံလိုက် ပြည်သူများကို သတ်ဖြတ်

Must read

” ဦးခင်မောင်စိုးက သေနတ်နဲ့ ပစ်သတ်ခံရတာ။ လက်အိတ် တွေနဲ့ ဦးနှောက်တွေပြန်ကောက်ထားရတယ်။ ကျန်တဲ့ အလောင်းတွေကျတော့ ခုတ်ထစ်ပြီးတော့ မီးရှို့ထားတာ။ လက်ရှိ ပျောက်နေတာကတော့ လူ ၂ဝလောက် ပျောက်နေတယ်”
By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သည်။ စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူများကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို မီးရှို့ကာ ဓားဖြင့်ခုတ်ထစ်ပြီး အလောင်း အရေအတွက် မသိရှိရန် လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် စစ်တပ် သတ်ဖြတ်ခဲ့ပြီး မီးမရှို့ခဲ့သည့် ဦးမျိုးချစ်၊ ဦးခင်မောင်စိုးနှင့် ဒေါ်ခင်ဝင်း ရုပ်အလောင်းများသာ အတည်ပြုနိုင်သေးသည်။ မြင်းမူမြို့နယ် ဘဒတ္တိုင်းကျေးရွာတွင် စစ်တပ်၏ သတ်ဖြတ်မှုများကို ကြုံခဲ့ ရသူ ဒေသခံတစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဘဒတ္ထိုင်းကျေးရွာမှာ စစ်တပ်က ဘယ်လို အစုလိုက်အပြုံလိုက် သတ် ဖြတ်တာပါလဲ။
ဖြေ။ ။ ဖြစ်စဉ်က အဲဒီနေ့က အခမ်းအနား တစ်ခု လုပ်နေတာပေါ့။ အစီအစဉ် ၂ လောက်ပဲရှိပါသေးတယ်။ ပန်းတွေ စွတ်ပြီးတော့ သင်တန်းဝင်းထဲ ဝင်တဲ့အချိန် အဲအချိန်မှာပဲ သူတို့ လေယာဉ်တွေက ဝင်လာတာ လေယာဉ်တွေ ဝင်လာတယ်ဆိုတာက ရွာတောင်ပိုင်းက ဝင်လာတာပေါ့။ ပုဇင်း ပုံစံလိုမျိုးလေယာဉ်က ဝင်မှာလို မဝင်မှာလိုနဲ့ ဟန်ရေးပြပြီးတော့ တစ်ပတ်ပြန်လည်သွားတာ အဲအချိန်မှာ လူချတဲ့ ရဟတ်ယာဉ်တွေက ဝင်လာတယ်။ ဝင်လာတော့ သိတဲ့အတိုင်းပဲ လေယာဉ်တွေ မြင်တော့ ဝင်ပြေးတာပေါ့။ အဲလို ပြေးကျလွှားကျရင်းနဲ့ ရွာထဲမှာ စစ်တပ်က လူတွေချ မိုင်းတွေဘာတွေခွဲတယ်။ အဓိကကတော့ ရွာတာ ခွဲထားနည်းတယ်။ ရွာအပြင်ကို အကုန်ခွဲချသွားတာ။ အဲဒါပြီးတော့ ရွာထဲ တပ်ဖြန့် တပ်ဖြန့်ပြီးတော့ မထင်တဲ့သူတွေ အကုန်သတ်တယ်။ နောက်ပြီးတော့ တချို့အိမ်တွေဆိုရင် ရွှေ တစ်ပိဿာလောက် ပါသွားတဲ့ အိမ်တွေရှိတယ်။ ပိုက်ဆံ တိုက်ဆောက်ဖို့ စုထားတဲ့ သိန်း ၁ဝဝလောက် ပါသွားတဲ့ အိမ်တွေရှိတယ်။ သိန်း ၃ဝလောက် ပါသွားတဲ့ အိမ်တွေရှိတယ်။ ရွှေတို ရွှေစ အကုန်ပေါ့။ သူတို့ရှာလို့ ရတာတွေ အကုန်ယူ အဲလိုမျိုး။ တချို့အိမ်တွေဆို လုံးဝ ဝင်မစစ်သွားတဲ့ အိမ်တွေလည်း ရှိတယ်။ ချမ်းသာပေမယ့် မစစ်တဲ့ အိမ်တွေလည်းရှိတယ်ပေါ့။ အဲဒီအခါကျတော့ အကုန်လုံးက သံသယနဲ့ ဒီဖက်သံသယ ဟိုဖက် သံသယတွေရှိကျတာပေါ့။ လက်ရှိ စစ်တပ်က သတ်လို့ သေသွားတဲ့သူတွေက ဘယ်သူဘယ်ဝါဆိုတာကတော့ အတိအကျတော့ မသိရသေးဘူး။ အသေအပျောက် စာရင်းကတော့ အတိအကျ မပြောနိုင်သေးဘူး။ မပြောနိုင်သေးဘူးဆိုတာက သိရတဲ့ အသေ အပျောက်ကကျတော့ မှန်ကန်တဲ့ အနေအထားတော့ ရှိတယ်။ ဦးမျိုးချစ်ရယ်။ ဒေါ်ခင်ဝင်း သူတို့တွေက သေချာတယ်။ ကျန်တဲ့ ရုပ်အလောင်းတွေက ဘယ်လိုပြောရမလဲ ဆိုတော့ သူတို့က မီးရှို့ပြီးတဲ့ဟာတွေကို ခုတ်ထစ်းပြီးတော့ ဟိုချုံထဲပစ် ဒီချုံထဲပစ် အဲလိုတွေ အကုန် ပစ်ထားခဲ့တာ အကုန်လုံး တစစီ ပြန့်သွားတာ ဘုန်းကြီး ကျောင်းဝင်းနားဆိုရင် ဘုန်းကြီးကျောင်းထဲ ဝင်တာနဲ့ အနံ့တွေထွက်နေတော့ အဲတာတွေကို ပတ်ရှာလည်း မတွေ့ အဲလိုမျိုးတွေ။ ၁၃နှစ် အရွယ်မိန်းကလေးတစ်ဦး ပျောက်နေတယ်ဆိုတာလည်း အခုထိ ရှာမတွေ့သေးဘူး။

မေး။ ။အဲဒါ သေဆုံးသူ ၂ဝ လား။ ဘယ်လောက်လဲ။
ဖြေ။ ။ အလောင်းအရေအတွက်က မီးရှို့ပြီး ဒီကောင်တွေ ခုတ်ထစ်ထားတော့ အလောင်းအရေအတွက်က မသိရဘူး။ ဒါပေမယ့် ပျောက်တာရယ် လောလောဆယ် လက်ရှိ ပျောက်နေတာကတော့ လူ ၂ဝလောက် ပျောက်နေတယ်။ ရွာထဲကိုလည်း မဝင်နိုင်သေးဘူး။ အိမ်တစ်အိမ်ကို လူဦးရေ ဘယ်လောက်ရှိလဲ။ ငါတို့အိမ်က ဘယ်သူလိုတယ်။ ဘယ်သူလိုတယ်။ အဲလိုတွေပြန်စုပြီးကြည့်မှ သိရမှာ အခုက စုံတော့ စုံစမ်းတယ်။ သတင်းလည်း အတိအကျက ယူလို့မရသေးဘူး အဲလိုဖြစ်နေတယ်။ အခုက အကုန်ပြေးကြတာ မန္တလေး ပြေးတဲ့သူကပြေး ကိုယ့်နဲ့နီးရာနီးရာ အကုန် ပြေးတာပေါ့။ အဲလိုတွေ သွားနေကြတာ အခုချိန်ထိ ကိုယ့်ရွာကို မပြန်ရဲကျသေးဘူး။

မေး။ ။ နောက်ထပ်ရော စစ်တပ်က ဘယ်လို လုပ်သွားသေးလဲ။
ဖြေ။ ။ ဇန်နဝါရီလ ၃၁ရက်နေ့က ရွာထဲကို တစ်ရက်ခွဲလောက် မွှေသွားတယ်။ သူတို့ဝင်လာတဲ့ အချိန်က ၁ဝနာရီလောက်လို့ ထင်တယ်။ နာရီလည်း အတိ အကျမကြည့်နိုင်ဘူး။ ပြေးရတာဆိုတော့ သူတို့ လေယာဉ်ဆင်းလာ မိုင်းတွေဘာတွေခွဲတော့ ပြေးရတာဆိုတော့ ကိုယ့်ဖုန်းပါရင်ပြီးတာပဲ နာရီလည်းမကြည့်နိုင်ဘူး။ ပြေးရတာကို အဲနေ့က တစ်နေကုန် ထမင်းကိုငတ်တာပဲ လူစာရင်းနဲ့ အတိအကျ ဘယ်သူသေတယ်။ ဘယ်သူသေတယ်ဆိုတာတော့ မပြောနိုင်ဘူး။ လူဦးရေ အတိအကျလည်း ကောင်းကောင်းမသိရသေးဘူး။ အကုန်လုံးကိုတော့ ပြောထားတာကတော့ လူ ၂ဝကျော်လောက်ပေါ့။ အဲလောက် ဝန်းကျင်ပေါ့။ အဲလိုပြောထားတာပဲ ရွာသားတွေ အကုန်လုံးကလည်း အခုထိ ရွာအပြန်ရဲကျသေးဘူး။

မေး။ ။ စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်တာလား။
ဖြေ။ ။ သတ်ပြီးမှ သူတို့ မီးရှို့တာ ဒီဖက်မှာက ဒီလိုပဲ တချို့ရွာသားတွေကတွေ့တယ်။ ဒီလူ့ကို ပစ်သတ်သွားတာ မြင်လိုက်တယ်။ မြင်လိုက်ပေမယ့် အဲအလောင်း ကို မကောက်ရဲကျဘူးလေ။ သူတို့ကလည်း သတ်ပြီး ပစ်ထားခဲ့တာ။ ပစ်ထားခဲ့ပြီး ဘယ်လိုဖြစ်လဲ ဆိုတော့ သူတို့က ရွာသားတွေကို ဖမ်းထားတာကို ပြန်မလွှတ်ခင်မှာ အဲအလောင်းတွေ ကောက်ပြီး ဘယ်နေရာ သွားစုထားမှန်းမသိဘူး။ သူတို့ မီးတွေဘာတွေ ရှို့ပြီးသွားပြီ သူတို့လုပ်ငန်းတွေ အကုန်ပြီးပြီ ဆိုမှ ရွာသားတွေကို အကုန် ပြန်လွှတ်ပေးတာ။ အဲဒီကျတော့ ရွာသားတွေက ဘယ်လိုဖြစ်လဲဆိုတော့ သူတို့လွတ်ပြီဆိုပြီး ကိုယ့်အိမ်က ပစ္စည်းကို ကိုယ့်အထုပ် ကိုယ်ယူပြီး ပြေးကျလွှားကျတာဆိုတော့ သူတို့ဒီမှာ ဘာလုပ်ခဲ့ ညာလုပ်ခဲ့တယ်။ မသိတော့ဘူးလေ။ နောက်ကျမှ ဒီကောင်တွေ ပြန်သွားပြီ ဆိုတော့ ရွာထဲအကုန် လိုက်ကြည့်တော့မှ တောတွေထဲမှာ အလောင်းတွေ မီးရှို့ထားတာ ဓားနဲ့ ပိုင်းထစ်ပြီး မီးရှို့ထားတဲ့ ပုံမျိုးပါ။

မေး။ ။ အလောင်းတွေ ရွာဘယ်အပိုင်းမှာ ပြန်တွေ့တာလဲ။
ဖြေ။ ။ ဦးခင်မောင်စိုးအလောင်းကတော့ ရွာထဲမှာပဲတွေ့တာ။ သူ့မိန်းမက သူ့ယောကျာ်းကို ပစ်သတ်သွားတာတွေ့တော့ အလောင်းကိုဖွက်ပြီး လွတ်အောင် ပြေးတော့တာ သူ့တစ်လောင်းရှိမယ်။ ဒေါ်ခင်ဝင်း တစ်လောင်းရှိမယ်။ ရွာထဲမှာ သူ့ကတော့ လန့်သေတာပေါ့။ ဦးခင်မောင်စိုး တစ်လောင်းတည်းပဲ ရွာထဲတွေ့တယ်။ သူက သေနတ်နဲ့ ပစ်သတ်ခံရတာဟုတ်တယ်။ ဦးနှောက် တခြမ်း အပြင်ထွက်သွားတာ လက်အိတ်တွေနဲ့ ဦးနှောက်တွေပြန်ကောက်ထားရတယ်။ ကျန်တဲ့ အလောင်းတွေကျတော့ ခုတ်ထစ်ပြီးတော့ မီးရှို့ထားတဲ့ အခါကျတော့ အကုန် တစစီပြန်ကောက်ရတာ အဲအလောင်းတွေက ရွာအရှေ့ပိုင်းမှာတွေ့တာ။

မေး။ ။ ၁၃နှစ်အရွယ် ကောင်မလေးကို မုဒိမ်းကျင့် မီးရှို့သတ်တယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူးပေါ့။
ဖြေ။ ။ အဲကောင်မလေးကိုတော့ အခုချိန်ထိတော့ ရှာလို့ မတွေ့သေးဘူး။ ပထမက ၂ ယောက် ပျောက်တာကို ၁ယောက်တော့တွေ့တယ်။ သူ့ဟာသူ ကြောက်ကြောက်လန့်လန့်နဲ့ ပြေးပြီးတော့ ဟိုလူနဲ့တွေ့ ဒီလူနဲ့တွေ့ ပါသွားပြီးတော့ အဲကောင်မလေးကို ပြန်တွေ့တယ်။ ဒီတစ်ယောက်ကကျတော့ မတွေ့ဘူး။ သူ့အရွယ်နဲ့ သူ့မိဘတွေ အသိုင်းအဝိုင်းကျတော့လည်း ဆင်းရဲတယ်ပြောရမှာပေါ့။ ဖုန်းတောင် မကိုင်နိုင်ဘူး။ အဲကျတော့ ဒီကောင်မလေးကို ဆက်သွယ်ဖို့ကျတော့လည်း ဘယ်ဆီကိုမှ ဆက်သွယ်လို့ မရဘူး။ အဲလိုဖြစ်နေတာ ဘယ်ရောက်နေမှန်းလည်း အခုချိန်ထိ စုံစမ်းလို့ မရသေးဘူး။

မေး။ ။ စစ်တပ်က ရွာထဲကို ဝင်လာပြီးဆိုတာနဲ့ တွေ့သမျှ အကုန်ပစ်သွားတာလား။ဖြေ။ ။ ဟုတ်တယ်။ အဲလိုပစ်သွားကျတာ ပစ်တာက တချို့ဆိုရင် လေယာဉ်နဲ့ပစ်တဲ့ ဗုံးထိ ဆုံးတဲ့ သူတွေပါတယ်။ တချို့က သေနတ်နဲ့ ပစ်သတ်ခံရတာတွေပါတယ်။

မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိလဲ။
ဖြေ။ ။ စိတ်မကောင်းရုံက လွဲပြီးတော့ ဘာမှလုပ်လို့မရဘူး။ ကိုယ့်ဖက်က ဘာမှ မလုပ်လိုက်ရဘူးဆိုတာ ကိုယ့်ရွာသူရွာသား ကိုက ပစ်လိုက်တဲ့ အချိန်ကျရင် သူက လေယာဉ်နဲ့ဆိုတော့ ရွာကို တစုံတရာ လုပ်မှာကြောက်လို့ ပြန်မလုပ်လိုက်တာပေါ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article