25 C
Yangon

ဖားကန့်၊ မနော့မှော်တိုက်ပွဲတွင် အင်အား ၁၀၀ ရှိသော စစ်ကောင်စီစစ်ကြောင်း အားလုံးနီးပါး သေဆုံးပြီး တချို့ ကစဉ့်ကလျားထွက်ပြေးနေ၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်၍ အသက် ၈၀ အရွယ် သင်းထောက်ဆရာတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ဖြစ်ပွားလျက်ရှိသော မနော့မှော်တိုက်ပွဲတွင် အင်အား ၁၀၀ ရှိသော စစ်ကောင်စီစစ်ကြောင်း အားလုံးနီးပါး သေဆုံးပြီး တချို့ ကစဉ့်ကလားထွက်ပြေးနေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

” ၃ ရက်ဆက်တိုက်ဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအပါ အကုန်သေတဲ့ အခြေအနေပါ။ အင်အား ၁၀၀ ရှိတဲ့စစ်ကြောင်းမှာ အခု တချို့စစ်သားတွေလည်း ကစဉ့်ကလျား ထွက်ပြေးနေကြတယ်။ ရဟတ်ယာဉ်နဲ့ စစ်သားတွေ လာချတာလည်းရှိတယ်။ တိုက်လေယာဉ်နဲ့လည်း တောက်လျှောက်လာပစ်နေတယ်။ စစ်တပ်ဘက်က အရမ်းအထိနာနေတာ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မိုးကောင်းနှင့်ဖားကန့်အကြား မနော့မှော်ဘက် တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များအကြား ၃ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်အထိနာနေသဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ စစ်တပ်က လုပ်ဆောင်နေကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

“နန့်ယားကျေးရွာရဲ့ တောင်ဘက်ခြမ်း မနော့မှော်ဘက်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီကတည်းက တိုက်ပွဲဖြစ်နေတာ။ နားလိုက် ပစ်လိုက်နဲ့။ မနေ့ကလည်း တစ်နေကုန်ဖြစ်တယ်။ ဒီနေ့လည်းဖြစ်တယ်။ တိုက်ပွဲက ၃ ရက်ရှိပြီ။ လေကြောင်းနဲ့ လာပစ်တာ အနည်းဆုံး ၈ ကြိမ်ရှိနေပြီ။ လက်နက်ကြီး အလုံး ၇၀ ကျော်ကို နန့်ယားစစ်ကောင်စီစခန်းကနေ ပစ်ခတ်နေတယ်။ စစ်တပ်က အထိ နာနေတယ်။ အခုထက်ထိတော့ KIA နဲ့ PDF ဘက်မှာ အထိအခိုက်မရှိသေးဘူး။ စစ်တပ်ဘက်ကတော့ အတော်ထိထားတယ်” ဟု KIAသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ရာတွင် ရဟတ်ယာဉ်နှင့်တိုက် လေယာဉ် နှစ်မျိုးစလုံးကို အသုံးပြု တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

“ရဟတ်ယာဉ်လည်း လာပစ်တယ်။ တိုက်လေယာဉ်လည်း လာတယ်။ ညဘက်တွေဆိုရင် တိုက်လေယာဉ်နဲ့ အဓိက လာပစ်တာ။ နှစ်မျိုးစလုံး တစ်လှည့်ပြီး တစ်လှည့်လာပစ်နေတာ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ဖားကန့်မြိုနယ် မနော့မှော်ကျေးရွာဘက်သို့ စစ်တပ်က စစ်ကူများ ပေးပို့ရန်ကြိုး စားမှုများရှိနေကြောင်း၊ KIA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ ရွေ့လျားစစ်ကြောင်းအကြား တိုက်ပွဲမှာ ယခု သတင်းရေးသားအချိန်အထိ ဆက် လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ယနေ့ ညနေ ၄ နာရီတွင် စစ်တိုက်လေယာဉ်ဖြင့် ပစ်ခတ်၍ ကမ့်ဖျားကျေးရွာမှအသက် ၈၀ အရွယ် သင်း ထောက်ဆရာ ဦးမဂျီဘရန် သေဆုံးပြီး ၎င်း၏ ဇနီးဖြစ်သူ အပါအဝင် ၃ ဦးဒဏ်ရာရရှိကြောင်း၊ ဦးမဂျီဘရန်၏ ဇနီးမှာ ဒဏ်ရာပြင်းထန်၍ မြစ်ကြီးနားဆေးရုံပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဓာတ်ပုံ- KIA ရဲဘော်များကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)

Photo – Ga Hkyeng Agung

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article