26 C
Yangon

လွိုင်ကော်၊ ပကြဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းပုန်းကို KNDF ဝင်တိုက်လို့ စစ်သား ၂ ဦး သေဆုံး၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းနှင့် ဖယ်ခုံတို့တွင် စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၀

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အရှေ့ခြမ်း၊ လွိုင်ကော်အနီးကျေးရွာများနှင့် ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ထံမှ သတင်းရရှိသည်။

“မြေပြင်အခြေအနေက ဆက်သွယ်ရေးလိုင်းတွေ မကောင်းတော့ သတင်းအတိအကျတွေ မရနိုင်သေးဘူး။ ဒီနေ့တိုက်ပွဲက ဒီးမော့ဆို အရှေ့ခြမ်းမှာလည်း ကရင်နီတပ်ဖွဲ့တွေရှိတဲ့နေရာကို စစ်ကောင်စီတပ်တွေ ထိုးလာတယ်ပေါ့။ လွိုင်ကော် ၃ မိုင် ပကြဲရွာဘက်မှာလည်း ဒီမနက်နဲ့ နေ့လယ် တိုက်ပွဲရှိတယ်။ ဖယ်ခုံဘက်မှာလည်း ကျနော်တို့ မိုင်းဆွဲတယ်၊ စစ်ကောင်စီတပ်တွေ မိုင်းကွင်းထဲ ဝင်လာတော့ ဆွဲတာ၊ အသေအပျောက်တော့ အတည်ပြုလို့မရသေးဘူး” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် လွိုင်ကော်-ဒီးမော့ဆိုကားလမ်း ၃ မိုင်ရှိ ပကြဲကျေးရွာနှင့် မော်ချီးစုစည်းရွာအနီးရှိ စစ်ကောင်စီ ကင်းပုန်းစခန်းကို KNDF တပ်ရင်း ၂၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၄ နှင့် ကရင်နီတပ်မတော် KA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၁၄ က သတင်းထုတ်ပြန်သည်။

“ဒီးမော့ဆို အရှေ့ခြမ်းမှာလည်း သံချပ်ကာကားတွေနဲ့ပါ လာပစ်တယ်၊ ဖြစ်တာကတော့ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ ဖြစ်တာပေါ့။ မြေပြင်အခြေအနေသေးစိတ်တော့ မသိရသေးဘူး၊ ဒီနေ့ မွန်းလွဲပိုင်းမှာလည်း လွိုင်ကော် ဖားတီမာကျေးရွာက အိမ်တွေကို မီးရှို့သွားတယ်၊ သူတို့က ဝင်လာတဲ့လမ်း၊ ပြန်ထွက်တဲ့လမ်းတလျှောက်က ဒေသခံအိမ်တွေကို ဒီအတိုင်း မီးရှို့သွားကြတာ” ဟု KNDF တပ်ဖွဲ့ဝင် က ဆက်ပြောသည်။

ယနေ့နံနက်အစောပိုင်းတွင်လည်း ဒီးမော့ဆို၊ ငွေတောင်အခြေစိုက် တပ်ရင်းများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်မြောက်ဘက်ရှိ မြလဲကျေးရွာရှိ စစ်ရှောင်အမျိုးသား ၁ ဦး ဒဏ်ရာရကာ ဘုရားကျောင်း ၁ ခုနှင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ဓါတ်ပုံ – ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article