30 C
Yangon

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ်အိမ်ကို အကြမ်းဖက်စစ်တပ်က ဝင်စီးပြီး ပစ္စည်းများ လုယူကာ ချိတ်ပိတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ် သာလွန်ဇောင်းထက်၏ စမ်းချောင်းမြို့နယ်ရှိ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ နံနက် ၉ နာရီတွင် လာရောက် ချိတ်ပိတ်သွားကြောင်း စမ်းချောင်းပြည်သူများက ပြောသည်။ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ မင်းလမ်း၊ အိမ်အမှတ် ၆၅ ၊ ၅ လွှာတွင် တည်ရှိနေသော ရန်ကုန်ခေတ်သစ်အယ်ဒီတာချုပ်၏ နေအိမ်ကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က Double Cap ကား ၂ စီး၊ Faw စစ်ကားကြီး ၁ စီးဖြင့် လမ်းများပိတ်ဆို့ပြီး ဝင်စီးနင်းကြောင်း၊ အိမ်အတွင်းရှိ ပစ္စည်းများကို စစ်ကားများပေါ် သို့ သယ်ချကြောင်း၊ ယင်းနောက် နေအိမ်ကို ဥပဒေမဲ့ သိမ်းဆည်းဆိုသော အနီရောင် စာတမ်း ကပ်သွားကြောင်း သိရှိရသည်။ “၅ လွှာ တိုက်ခန်းပေါ်က ပစ္စည်းတွေ အကုန်လုံး အောက်ချပြီး သယ်တာ တွေ့တယ်။ နောက်ပြီး အိမ်ကို ချိတ်ပိတ်သိမ်းဆည်းတယ်ဆိုတဲ့ ဗီနိုင်းအနီကပ်သွားတယ်။ မနက်က လာတာက အင်အား ၅၀ လောက်ရှိမယ်။ ကား ၃ စီးနဲ့ ။ ရပ်ကွက်လူကြီးလည်းပါတယ်။ ဟန်ငြိမ်းဦးမှာ လိပ်စာတင်လို့ လာရှာတာ။ လူတော့ မမိဘူး။ အိမ်က ပစ္စည်းတွေ သယ်ထုတ်ပြီး အိမ်ကို ချိတ်ပိတ်တာ” ဟု မင်းလမ်းအတွင်း နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာချုပ် သာလွန်ဇောင်းထက်ကမူ မင်းအောင်လှိုင်နှင့် အကြမ်းဖက် စစ်တပ်သည် ဓားမြသာသာ အဖွဲ့အစည်းဖြစ်ပြီး ဥပဒေမဲ့ ရမ်းကားနေမှုများကို ပေါ်လွင်စေသည်ဟု ပြောဆိုသည်။ “တစ်တိုင်းပြည်လုံးကို သေနတ်ပြခြိမ်းခြောက် သတ်ဖြတ် ညှဉ်းပန်းနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ခွေး တစ်အုပ်ရဲ့ ဖက်ဆစ်စိတ်ဓာတ်ကို ပေါ်လွင်စေတာပေါ့။ စစ်ခွေးဆိုတာ ပြည်သူကို ဘယ်လို ကိုက်မလဲဆိုတာပဲ စဉ်းစားနေတာပဲ။ အကြမ်းဖက်သမား ဟန်ငြိမ်းဦး ၊ ကျော်စွာ တို့ စစ်လော်ဘီတွေက လိပ်စာတင်ပြီးတော့ စစ်တပ်က အောက်တန်းစားလော်ဘီပြောသမျှ နောက်က လိုက်လုပ်တဲ့ အောက်တန်းစား လုပ်ရပ်ပဲ သူတို့လုပ်တတ်တယ်။ ကျနော့်အိမ်သိမ်းရုံနဲ့ ခေတ်သစ်ကို ရပ်တန့်လို့မရသလို တော်လှန်ရေးကလည်း ရပ်သွားမဟုတ်ဘူး။ ဒီတော်လှန်ရေး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မှာဖြစ်သလို ကျနော်တို့ မီဒီယာကလည်း စစ်ဘီလူးတွေကို အမြစ်ဖြုတ်တဲ့အထိ တိုက်သွားမှာပဲ” ဟု ရန်ကုန်ခေတ်သစ်အယ်ဒီတာချုပ်က ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အယ်ဒီတာအဖွဲ့ဝင်များကို အကြမ်းဖက်စစ်ကောင်စီက စမ်းချောင်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က) (ခ) ၊ ပုဒ်မ ၁၇ (၁) ဖြင့်လည်းကောင်း၊ အနောက်ပိုင်းခရိုင်တရားရုံးတွင် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (က) ၊ ပုဒ်မ ၅၂ (က) ၊ ပုဒ်မ ၁၂၄ (က) များဖြင့်လည်းကောင်း ပုဒ်မမျိုးစုံ သုံး၍ အမှုဖွင့်ထားကြောင်း သိရှိရသည်။ ဓ
ာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပစ္စည်းများ လုယူ ချိတ်ပိတ်သွားသော ရန်ကုန်ခေတ်သစ်အယ်ဒီတာချုပ်၏ နေအိမ်တိုက်ခန်း (အနီဖြင့် ၀ိုင်းပြထားသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article