ရန်ကုန်၊ ဇွန် ၆
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ရေနံတွင်းလုပ်ငန်းခွင်ကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၉ နှစ်အရွယ် ရေနံလုပ်သား လူငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၅ ရက်နေ့ ညနေ ၅ နာရီ ၇ မိနစ်မှ ၃၀ မိနစ်အထိ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ တောလယ်ရပ်ရှိ ရေနံထွက်ရှိရာ ရေနံတွင်းနေရာတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းများဖြင့် ၄ ကြိမ် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ၇ ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ကြည်အေး သည် ဘယ်ဘက်ရင်အုံကို ဗုံးစဖောက်ဝင်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် သယ်ဆောင်လာစဉ် လမ်းတွင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။
“မနေ့ ညနေက လေးတောင်မြို့ တောလယ်ရပ်က ရေနံတွင်းတွေရှိတဲ့နေရာကို ဒရုန်းတွေနဲ့ ၄ ကြိမ်လာကျဲတယ်၊ နေဗီကလည်း လက်နက်ကြီးတွေနဲ့ ၇ ကြိမ်လောက် ဆက်တိုက်လှမ်းပစ်တာ။ အဲဒီအချိန် ရေနံတွင်းမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ် ဝန်းလောက် ကောင်လေး ၁ ဦး ဘယ်ဘက်ရင်အုံကို ဗုံးစထိမှန်သွားတယ်။ ဆေးကုဖို့ ခေါ်သွားတဲ့အချိန် လမ်းမှာတင် ဆုံးသွားတာ ဖြစ်တယ်။ အခုရက်ပိုင်းတွေမှာ စကစက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ လုပ်ကိုင်စားသောက်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကို တိုက်ခိုက်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် အရပ်သားပြည်သူများရှိရာ နေရာများကိုကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် နေ့စဉ်ဆက်တိုက် ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း၊ အလားတူ ဇွန်လ ၁ ရက်နေ့နှင့် ၄ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်ရှိ ကြောင်လျှာတွင်း စစ်ဘေးရှောင်စခန်းနှင့် လေးတောင်မြို့ပေါ်တို့ကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နွား ၂ ကောင်လည်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာ ၂ ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဇွန်လ ၆ ရက်နေ့တွင် နံနက် ၁၁ နာရီခန့်တွင် ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးမှ ပျူစောထီးနှင့် စစ်သားများသည် ရေပုတ်ကလေးရွာနှင့် ညောင်ပင်စောက်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှုမရှိကြောင်း သိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ဒရုန်း ၁ စီးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ကျေးရွာ ၂ ရွာကို ကျဲသွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုး မရှိဘူးလို့ သိရတယ်။ ပြည်သူတွေ အနေနဲ့ စစ်ကြောင်း၊ လေကြောင်း၊ လက်နက်ကြီး အန္တရာယ် သတိပြုနေထိုင်ဖို့နဲ့ စစ်ကြောင်းလာရင် ရှောင်ကြဖို့ ပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ၂၀၂၄ခုနှစ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပွင့်ဖြူမြို့နယ်ရှိ ပုသိမ်-မုံရွာလမ်းပိုင်း တမံလမ်းခွဲ ၃ မိုင်ပေါက်ကို Mi-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ကျွဲခြံ-လယ်မရွာဘက်ကိုလည်း Mi-35 ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကရင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ် တိုက်ခိုက်ခဲ့သော အသေခံဒရုန်း ၂ စီး (ပုံအဟောင်းဖြစ်သည်)




