35 C
Yangon

ရန်ကုန်အလုံမြို့နယ်တွင် အမျိုးသမီးများ လိုက်ပါသော အိမ်စီးကားကို စစ်တပ်က သေနတ်ဖြင့်ပစ်၍ ၁ ဦး အပြင်းအထန်ဒဏ်ရာရ၊ ရွာငံတွင် မောင်ဇင်မင်းခိုင်ကို စစ်တပ်က ဥပဒေမဲ့ အကြောင်းမဲ့ ပစ်သတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ သစ်တောမှတ်တိုင်၊ ဧရာ၀တီဘဏ်ရုံးချုပ်နားတွင် ယမန်နေ့ည ၁၀ နာရီဝန်းကျင် အချိန် အမျိုးသမီးများ လိုက်ပါသော အိမ်စီးကားကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦး ဒဏ်ရာအပြင်း အထန်ရရှိသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အလုံသစ်တောမှတ်တိုင် ဧရာဝတီဘဏ်ရုံးချုပ်နားမှာ ကားတစ်စီးကို စစ်တပ်က တားတယ်။ ကားရပ်ပေးမယ့် ကျော်ပြီး ရပ်ပေးသလို ဖြစ်သွားတယ်။ အဲဒါကို စစ်တပ်က သေနတ်နဲ့ လှမ်းပစ်တယ်။ ကားထဲမှာ အမျိုးသမီးတွေပဲပါတယ်။ ကောင်မလေးတစ်ယောက်ထိသွားတယ်။ကားသမားကိုလည်း သေနတ်ဒင်တွေနဲ့ထု၊ ကားမှန်တွေရိုက်ခွဲတယ်။ သေနတ်ဒဏ်ရာထိတဲ့ကောင်မလေးကတော့ မလှုပ်တော့ဘူး ဆေးရုံကားနဲ့ တင်သွားတယ်။ ဒဏ်ရာပြင်းထန်တယ်။ သွေးထွက်လွန်နေတယ်ပြောတယ်” ဟု ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ရှင်းပြသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်၊ ရွာငံမြို့ နွားဘန်းကြီးရွာမှ မောင်ဇင်မင်းခိုင်ကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရွာတွင်းမှလူငယ် ၃ ဦးကိုလည်း အကြမ်းဖက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှ အသက်၂၁ နှစ်အရွယ် မောင်ဇင်မင်းခိုင်ကို တောခြံမှအပြန်လမ်းတွင် အကြမ်းဖက်စစ်တပ်က အနောက်ဘက်မှ သေနတ်ဖြင့် အချက် ၂၀ ကျော်ပစ်ခတ် သတ်ဖြတ်ကြောင်း၊ မောင်ဇင်မင်းခိုင်၏အလောင်းကိုလည်း နာရေးကားဖြင့် ကလောသို့ယူဆောင်သွားကြောင်း သိရှိရသည်။

ထို့ပြင် ရွာထဲရှိ အသက် ၁၈နှစ်မှ ၂၀ အရွယ် လူငယ် ၃ ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း၊ စစ်တပ် ၏ပစ်သတ်မှုကြောင့် ‌ကွယ်လွန်သူ မောင်ဇင်မင်းခိုင်သည် မိသားစုကို လုပ်ကျွေးနေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်တပ်၏လူမဆန်စွာပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသော မောင်ဇင်မင်းခိုင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article