ရန်ကုန်၊ မတ် ၃
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးကျေးရွာမှ ဆောမြို့နယ်၊ လောင်းရှည်ကျေးရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဆွဲလွဲကျင်းကျေးရွာနှင့် မဆွာတွီကျေးရွာကြားတွင် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် လောင်းရှည် PDF နှင့် CDF ကန်ပက်လက်က ပူးပေါင်းတိုက်ခိုက်လို့ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ များစွာရှိကြောင်း လောင်းရှည် PDF က သတင်းထုတ်ပြန်သည်။တိုက်ပွဲသည် နံနက် ၈ နာရီမှ ညနေ ၄ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ၁၈ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီယာဉ်တန်းများ ထိခိုက်ပျက်စီးကြောင်း၊ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ကျင်ဒွေးမှာ ပြန်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့သည် လမ်းတလျှောက်ရှိ ကျေးရွာများကို အနိုင်ကျင့် လုယက် ဖျက်ဆီးခဲ့ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့များက ဖေဖေါ်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တာ အချိန်ယူစောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ – လောင်းရှည် PDF လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ် (ပုံအဟောင်းဖြစ်ပါသည်)