ရန်ကုန်၊ မတ် ၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာနှင့် တပ်ကျိုးကုန်းကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယနေ့ မတ်လ ၄ ရက် နံနက်တွင် မိုင်းအလုံး ၃၀ ဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း သတင်းရရှိသည်။
ဘန့်ဘွေးနှင့် တပ်ကျိုးကုန်းကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေစဉ် မဟာမိတ်တပ်ဖွဲ့များကယနေ့ နံနက် ၉ နာရီ ၄၁ မိနစ်၌ မိုင်းအလုံး ၃၀ ဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း၊ စစ်သား ၁၀ ဦးကျော် နေရာတွင် သေဆုံးကြောင်း Regional Friend Fighters အဖွဲ့က သတင်းထုတ်ပြန်သည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်သားအချို့မှာ တစစီဖြစ်သွားကြောင်း၊ သေဆုံးစစ်သားများကို ပီနန်အိတ်ဖြင့် ထည့်ဆောင်ကာ စစ်ကား ၂ စီးဖြင့် သယ်ဆောင်နေသည်ကို တွေ့မြင်ရကြောင်း၊ တိုက်ခိုက်မှုကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် Regional Friend Fighters-RFF၊ မြွေဟောက်ပြောက်ကျားတပ်ဖွဲ့၊ မိုးသောက်ကြယ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း RFF အဖွဲ့က ထုတ်ပြန်ထားသည်။